27. ထိုရွှေကွင်းတို့သည် ခါးပန်းပေါ်မှာရှိ၍၊ စားပွဲထမ်းစရာ ထမ်းဘိုးနေရာဖြစ်ရမည်။
28. စားပွဲထမ်းစရာ အကာရှသားထမ်းဘိုးကိုလုပ်၍ ရွှေနှင့်မွမ်းမံရမည်။
29. စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ဇွန်း၊ အင်တုံ၊ လောင်းစရာဖလားများကိုလည်း ရွှေစင်နှင့် လုပ်ရမည်။
30. ငါ့ရှေ့၊ စားပွဲပေါ်မှာရှေ့တော်မုန့်ကို အစဉ်တင်ရမည်။
31. မီးခုံကိုလည်းရွှေစင်နှင့်လုပ်၍၊ မီးခုံတိုင်အစရှိသော အလက်များ၊ ခွက်များ၊ ဘူးသီးများ၊ ကြာပွင့်များတို့ကို တစပ်တည်းထုရမည်။
32. မီးခုံတိုင်တဘက်တချက် သုံးလက်စီထွက်၍၊ အလက်ခြောက်လက်ရှိရမည်။
33. မီးခုံတိုင်ထဲကထွက်သော အလက်သုံးလက်တွင်၊ တလက်တလက်၌ ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်သုံးခွက်ရှိရမည်။
34. မီးခုံတိုင်၌လည်း ဘူးကြာပွင့်နှင့်တကွ၊ ဗာတံသီးနှင့်ပုံတူသော ခွက်လေးခွက် ရှိရမည်။
35. မီးခုံတိုင်ထဲကထွက်သော အလက်ခြောက်လက်ရှိသည်အတိုင်း၊ အလက်နှစ်ဘက်အောက်၌လည်း ဘူးသီးတလုံးစီရှိရမည်။
36. ဘူးများ၊ အလက်များတို့ကို တကိုယ်တစပ်တည်းဖြစ်စေ၍၊ မီးခုံတကိုယ်လုံးကို ရွှေစင်နှင့်ထုလုပ်ရမည်။
37. မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကိုလင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။
38. မီးညှပ်နှင့် မီးညှပ်ခံစရာခွက်တို့သည်လည်း ရွှေစင်ဖြစ်ရမည်။
39. မီးခုံနှင့် မီးခုံတန်ဆာရှိသမျှတို့ကို၊ ရွှေစင်အခွက်တဆယ်နှင့် လုပ်ရမည်။
40. တောင်ပေါ်မှာ သင့်အားပြခဲ့ပြီးသောပုံနှင့် ညီလျော်စွာလုပ်ခြင်းငှာ သတိပြုရမည်။