1. လူသည် သိုးနွားကိုခိုး၍သတ်သည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ နွားတကောင်အတွက် နွားငါးကောင်ကို၎င်း၊ သိုးတကောင်အတွက် သိုးလေးကောင်ကို၎င်း ပြန်ပေးရမည်။
2. သူခိုးသည် အိမ်ကိုထွင်းဖောက်စဉ်၊ သူတပါးတွေ့၍ သေအောင်သတ်သော်လည်း၊ သေစားမသေစေရ။
3. သို့သော်လည်း နေထွက်လျှင်သေစားသေစေရမည်။ အကြောင်းမူကား၊ ပြန်ပေးစရာအကြောင်းရှိ၏။ ဥစ္စာအလျှင်းမရှိလျှင်၊ ခိုးသည်ဥစ္စာအတွက် ကိုယ်ကိုရောင်းရမည်။
4. သူခိုးလက်၌ခိုးသောနွား၊ သိုးကိုအသက်ရှင်လျက် အမှန်တွေ့လျှင်၊ နှစ်ဆပြန်ပေးရမည်။
5. သူ့လယ်၊ သူ့စပျစ်ဥယျာဉ်ကိုစားစေသော်၎င်း၊ မိမိတိရစ္ဆာန်ကို သူ့လယ်၌ ထိန်းကျောင်းသော်၎င်း၊ မိမိလယ်၊ မိမိစပျစ်ဥယျာဉ်ထဲကအကောင်းဆုံးကို ထုတ်၍ ပြန်ပေးရမည်။
6. မီးရှို့သောအခါ မြက်ပင်ကြောင့် အစဉ်အတိုင်းရှောက်၍လောင်လျက်၊ ကောက်လှိုင်း၊ စပါးပင်၊ လယ်၌ရှိသောအရာတို့ကိုလောင်လျှင်၊ မီးရှို့သောသူသည် အမှန်လျော်ရမည်။
7. လူတဦးသည်အိမ်နီးချင်းတဦး၌ ရွှေငွေအစရှိသော ဥစ္စတစုံတခုကိုအပ်နှံ၍၊ အပ်နှံခံသောသူ၏အိမ်မှ သူခိုးခိုးသွားလျှင်၊ သူခိုးကိုတွေ့မိသောအခါ နှစ်ဆလျော်စေ။
8. သူခိုးကိုမတွေ့လျှင်၊ အိမ်ရှင်သည် မိမိအိမ်နီးချင်းဥစ္စာကို ယူသလော မယူလောဟု ဘုရားသခင့်ရှေ့တော်၌ အစစ်ခံရမည်။
9. သူ့ဥစ္စာကို ပြစ်မှားသည်အမှုမှာ၊ နွား၊ မြည်း၊ သိုး၊ အဝတ်အစရှိသော ပျောက်သော ဥစ္စာတစုံတခုကိုတွေ့၍၊ ဤဥစ္စာကား၊ ငါ၏ဥစ္စာဖြစ်သည်ဟု တစုံတယောက်ဆိုလျှင်၊ အမှုသည် နှစ်ဦးတို့သည် ဘုရားသခင် ရှေ့တော်၌အစစ်ခံရ၍၊ တရားရှုံးသောသူသည်နှစ်ဆလျော်ရမည်။
10. လူသည် အိမ်နီးချင်းလယ်၌ မြည်း၊ နွား၊ သိုးအစရှိသော တိရစ္ဆာန်တစုံတခုကို အပ်နှံ၍၊ ထိုတိရစ္ဆာန်သေသော်၎င်း၊ ထိခိုက်၍နာသော်၎င်း၊ သက်သေမရှိဘဲ သူတပါးမောင်း၍သွားသော်၎င်း၊
11. အပ်နှံခံသောသူသည် ငါ့အိမ်နီးချင်း၏ဥစ္စာကို ငါမယူဟု နှစ်ဦးသဘောတူလျက်၊ ထာဝရဘုရားရှေ့မှာအကျိန်ခံရလျှင်၊ ဥစ္စာရှင်သည် ဝန်ခံရမည်။ အပ်နှံခံသူလည်းမလျော်ရ။