ထွက်​မြောက် 21:1-20 Judson Bible (BJB)

1. ထာဝရဘုရားကလည်း၊ သင်သည် ဣသရေလအမျိုးသားတို့၌ စီရင်ရသော ဓမ္မသတ်ဟူမူကား၊

2. ဟေဗြဲအမျိုးဖြစ်သောကျွန်ကိုဝယ်လျှင်၊ ခြောက်နှစ်သာအစေကျွန်ခံစေရမည်။ သတ္တမနှစ်ရောက်သော်၊ ကိုယ်ဘိုးကို မတောင်းဘဲလွှတ်ရမည်။

3. ကျွန်ခံစကတယောက်တည်းခံလျှင်၊ တယောက်တည်းထွက်ရမည်။ လင်မယားနှစ်ယောက်ခံလျှင်၊ မယားနှင့်တကွထွက်စေရမည်။

4. သို့မဟုတ် သခင်ပေးစားသောမယားရှိ၍ ထိုမယားသည် သားသမီးကိုဘွားမြင်လျှင်၊ မယားနှင့် သားသမီးတို့ကိုသခင်ပိုင်ရမည်။ ကျွန်မူကား၊ တယောက်တည်းထွက်ရမည်။

5. သို့မဟုတ် ကျွန်က၊ ကျွန်တော်သခင်နှင့် မယားသားသမီးတို့ကို ကျွန်တော်ချစ်ပါ၏။ မထွက်မသွားလိုပါဟု အတည့်အလင်းပြောဆိုလျှင်၊

6. သခင်သည်ဘုရားသခင်ရှေ့တော်သို့၎င်း၊ အိမ်တံခါးတိုင်သို့၎င်းဆောင်ယူ၍၊ နားရွက်ကို စူးဖြင့်ဖောက်ပြီးမှ၊ ထိုကျွန်သည် အစဉ်အမြဲကျွန်ခံရမည်။

7. အဘသည် သမီးကိုကျွန်ခံစေခြင်းငှာရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည်မဟုတ်။

8. သခင်သည် ထိုမိန်းမကို သိမ်းယူ၍မကြိုက်လျှင်၊ ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကိုလှည့်ဖြားမိသောကြောင့်၊ တပါးအမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။

9. မိမိသား၌ပေးစားလျှင်မူကား၊ သမီးကဲ့သို့ပြုစုရမည်။

10. အခြားမိန်းမကိုသိမ်းပြန်လျှင်၊ အရင်သိမ်းသော မိန်းမ၏အဝတ်အစားနှင့် မယားဝတ်ကိုမလျှော့ရ။

11. ထိုသုံးပါးကိုမပြုလျှင်၊ ကိုယ်ဘိုးကို မတောင်းဘဲလွှတ်ရမည်။

12. လူကိုအသေသတ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

13. အသေသတ်မည်အကြံမရှိဘဲ၊ သူ၏လက်၌ လူအသက်ကို ဘုရားသခင် အပ်တော်မူလျှင်၊ ပြေးရသောအရပ်ကို ငါခန့်ထားမည်။

14. အိမ်နီးချင်းကိုသတ်မည်အကြံရှိ၍ အနိုင်တိုက်သောသူကိုကား၊ ငါ့ယဇ်ပလ္လင်၌ ခိုလှုံသော်လည်း၊ ဆွဲယူ၍သတ်ရမည်။

15. မိဘကိုအသေသတ်သောသူသည်၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။

16. လူကိုခိုးသောသူသည်၊ ရောင်းသည်ဖြစ်စေ၊ သူ၏လက်၌ရှိသည်ဖြစ်စေ၊ အသေသတ်ခြင်းကိုအမှန်ခံရမည်။

17. မိဘကိုကျိန်ဆဲသောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။

18. လူချင်းခိုက်ရန်ပြု၍ တယောက်သည် ကျောက်ခဲနှင့် ထုသည်ဖြစ်စေ၊ လက်သီးနှင့်ထိုးသည်ဖြစ်စေ၊ အရိုက်ခံရသောသူသည်မသေသော်လည်း၊ အိပ်ရာ၌ တုံးလုံးနေရလျှင်၎င်း၊

19. တဖန်ထ၍တောင်ဝေးနှင့်သွားလျှင်၎င်း၊ ရိုက်သောသူကိုအပြစ်လွှတ်ရမည်။ သို့ရာတွင် နာသောသူသည်အလုပ်ပျက်ရသည်အတွက်၊ အနာပျောက်စေခြင်းငှါ ကုသရသည်အတွက်၊ ငွေကိုလျော်ရမည်။

20. သခင်သည် ကျွန်ယောက်ျားကျွန်မိန်းမကိုဒုတ်နှင့်ရိုက်၍ ထိုကျွန်သေလျှင်၊ သခင်သည် လေးသောဒဏ်ကိုခံရမည်။

ထွက်​မြောက် 21