ထွက်​မြောက် 20:6-22 Judson Bible (BJB)

6. ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင်၊ ကရုဏာကိုပြသောဘုရားဖြစ်၏။

7. သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကိုမုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။

8. ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။

9. ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။

10. သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ တိရစ္ဆာန်၊ သင်၏ တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည်အလုပ်မလုပ်ရ။

11. အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုကြောင့်ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍သန့်ရှင်းစေတော်မူ၏။

12. သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်၏အသက်တာရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။

13. လူအသက်ကိုမသတ်နှင့်။

14. သူ့မယားကိုမပြစ်မှားနှင့်။

15. သူ့ဥစ္စာကိုမခိုးနှင့်။

16. ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကိုမခံနှင့်။

17. ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန် ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစုံတခုကိုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။

18. လူအပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်းအရာတို့ကိုမြင်သောအခါ၊ ကြောက်သောကြောင့်ရွှေ့၍ အဝေး၌ရပ်နေကြ၏။

19. မောရှေကိုလည်း၊ အကျွန်ုပ်တို့အားကိုယ်တော်မိန့်တော်မူပါ၊ အကျွန်ုပ်တို့သည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။

20. မောရှေကလည်း၊ မစိုးရိမ်ကြနှင့်။ သင်တို့ကိုစုံစမ်းခြင်းငှာ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့်လွတ်မည်အကြောင်း ကိုယ်တော်ကိုကြောက်စေခြင်းငှာ၎င်း၊ ဘုရားသခင်ကြွလာတော်မူပြီဟု လူများတို့အားပြောဆို၏။

21. လူများတို့သည်လည်း အဝေး၌ရပ်နေကြ၏။ မောရှေမူကား၊ ဘုရားသခင်ရှိတော်မူရာ ထူထပ်သောမှောင်မိုက်သို့ ချဉ်းကပ်လေ၏။

22. ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့အား ပြန်ပြောရသော စကားဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့်နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။

ထွက်​မြောက် 20