ထွက်​မြောက် 19:5-19 Judson Bible (BJB)

5. ထိုကြောင့် ယခုတွင် သင်တို့သည်ငါ့စကားကို အမှန်နားထောင်၍ ငါ့ပဋိညာဉ်ကို စောင့်ရှောက်လျှင် အခြားသောလူမျိုးတကာတို့ထက် သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ဥစ္စာဖြစ်၏။

6. သင်တို့သည်လည်း မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုးဖြစ်ရကြလိမ့်မည်ဟူသော အမိန့်တော်ကို ဣသရေလအမျိုးသားတို့အားဆင့်ဆိုလော့ဟု မိန့်တော်မူ၏။

7. မောရှေသည်ပြန်လာ၍ လူတို့တွင် အသက်ကြီးသူတို့ကိုခေါ်ပြီးလျှင်၊ ထာဝရဘုရားမှာထားတော်မူသော စကားအလုံးစုံတို့ကို ပြန်ပြောလေ၏။

8. လူအပေါင်းတို့ကလည်း ထာဝရဘုရားမိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်ဟု တညီတညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကိုထာဝရဘုရားအား ပြန်လျှောက်လေ၏။

9. ထာဝရဘုရားကလည်း ကြည့်ရှုလော့။ သင်နှင့်ငါပြောသောအခါ လူများတို့သည် ကြား၍ အစဉ်အမြဲ သင့်ကိုယုံမည်အကြောင်း၊ မိုဃ်းတိမ်တိုက်၌ သင့်ဆီသို့ ငါလာမည်ဟု မောရှေအားမိန့်တော်မူ၏။ မောရှေသည်လည်း ထာဝရဘုရား၏ စကားတော်ကို လူများတို့အားပြန်ပြောလေ၏။

10. ထာဝရဘုရားကလည်း လူတို့ရှိရာသို့သွား၍၊ ယနေ့နှင့်နက်ဖြန်၌ သူတို့ကို သန့်ရှင်းစေလော့။ သူတို့အဝတ်ကိုလျှော်စေ၍၊

11. သုံးရက်မြောက်သောနေ့၌အသင့်ရှိနေစေလော့။ အကြောင်းမူကား၊ သုံးရက်မြောက်သောနေ့၌ ထာဝရဘုရားသည်လူအပေါင်းတို့ရှေ့၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူမည်။

12. လူတို့မကျော်ရသော အဆီးအကာတို့ကို တောင်ပတ်လည်၌စီရင်၍၊ သင်တို့သည် တောင်ပေါ်သို့မတက်၊ တောင်ခြေရင်းကိုမထိရအောင် သတိပြုကြဟု ပြောလော့။ တောင်ကိုထိမိသောသူမည်သည်ကား၊ ဧကန်အမှန်အသေခံစေ။

13. ထိုသူကိုလက်နှင့်မထိရ။ အကယ်စင်စစ် ကျောက်ခဲနှင့်ပစ်ရမည်။ သို့မဟုတ် လှံနှင့်ထိုးရမည်။ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ အသက်မရှင်ရ။ တံပိုးသည် ကြာကြာမြည်သောအခါ၊ လူများတို့သည် တောင်သို့လာရကြမည်ဟု မောရှေအား မိန့်တော်မူ၏။

14. မောရှေသည် တောင်ပေါ်မှ လူတို့ရှိရာသို့ဆင်းသက်၍၊ သူတို့ကို သန့်ရှင်းစေ၏။ သူတို့သည် မိမိအဝတ်များကိုလျှော်ကြ၏။

15. မောရှေကလည်း၊ သုံးရက်မြောက်သောနေ့၌အသင့်ရှိစေကြလော့။ မယားကို မချဉ်းကြနှင့်ဟု လူတို့အားဆိုလေ၏။

16. သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာမိုဃ်းချုန်းခြင်း၊ လျပ်ပြက်ခြင်းနှင့်တကွ မိုဃ်းတိမ်တိုက်လွှမ်းမိုး၍ ကြီးသောအသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ရှိသောလူအပေါင်းတို့သည်တုန်လှုပ်ကြ၏။

17. မောရှေသည်လည်း ဘုရားသခင်နှင့်တွေ့စေခြင်းငှာ၊ လူများတို့ကို တပ်ထဲကဆောင်ခဲ့သဖြင့်၊ သူတို့သည်တောင်ခြေရင်းအောက်၌ ရပ်နေကြ၏။

18. ထာဝရဘုရားသည်မီးဖြင့်လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက်တော်မူသောကြောင့်၊ တတောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည်လည်း မီးဖို၏မီးခိုးကဲ့သို့တက်၍ တတောင်လုံးပြင်းစွာလှုပ်လေ၏။

19. တံပိုးမြည်သံသည်ကြာကြာမြည်လျက်၊ အသံတိုး၍ ကြီးသောအခါ၊ မောရှေသည်ခေါ်၍၊ ဘုရားသခင်သည် စကားသံနှင့်ထူးတော်မူ၏။

ထွက်​မြောက် 19