ထွက်​မြောက် 14:10-20 Judson Bible (BJB)

10. ဖာရောဘုရင်သည်ချဉ်းလာသောအခါ၊ ဣသရေလအမျိုးသားတို့သည် မြော်ကြည့်၍၊ အဲဂုတ္တုလူတို့စစ်ချီလာကြောင်းကိုမြင်လျှင်၊ အလွန်ကြောက်လန့်၍ ထာဝရဘုရားအားအော်ဟစ်ကြ၏။

11. မောရှေကိုလည်း၊ အဲဂုတ္တုပြည်၌သင်္ချၖိုင်းမရှိသောကြောင့်၊ ဤတော၌ သေစေခြင်းငှာ ငါတို့ကိုဆောင်ခဲ့သလော။ ငါတို့ကို ဤသို့ပြု၍၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။

12. ငါတို့သည် အဲဂုတ္တုလူတို့ထံ၌ အစေကျွန်ခံနေလျက်ရှိကြပါစေဟု အဲဂုတ္တုပြည်၌ငါတို့ပြောရာတွင်၊ ဤအမှုကိုရည်ဆောင်၍ ပြောသည်မဟုတ်လော။ ငါတို့သည် ဤတော၌သေရသည်ထက်၊ အဲဂုတ္တုလူတို့ထံ၌အစေကျွန်ခံလျှင် သာ၍ကောင်းသည်ဟု ဆိုကြ၏။

13. မောရှေကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာရပ်နေကြ။ ထာဝရဘုရားသည်၊ ယနေ့ပြတော်မူသော ကယ်တင်ခြင်းကိုကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ကို၊ နောက်တဖန်အလျှင်းမမြင်ရကြ။

14. သင်တို့ဘက်၌ ထာဝရဘုရားသည်စစ်တိုက်တော်မူလိမ့်မည်။ သင်တို့သည် ငြိမ်ဝပ်စွာနေရကြမည်ဟု လူများတို့အားဆို၏။

15. ထာဝရဘုရားကလည်း၊ အဘယ်ကြောင့် ငါ့ကိုအော်ဟစ်သနည်း။ ဣသရေလအမျိုးသားတို့သည် တက်သွားစေခြင်းငှာမှာလိုက်လော့။

16. သင်မူကား၊ လှံတံကိုချီပြီးလျှင်၊ ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍ ပင်လယ်ရေကိုခွဲလော့။ ဣသရေလအမျိုးသားတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားရကြမည်။

17. ငါသည်လည်း အဲဂုတ္တုလူတို့၏ နှလုံးကိုခိုင်မာစေသဖြင့်၊ သူတို့သည် လိုက်ကြလိမ့်မည်။ ဖာရောဘုရင်နှင့် သူ၏ဗိုလ်ခြေ၊ ရထား၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်လိမ့်မည်။

18. ထိုသို့ဖာရောဘုရင်နှင့် သူ၏ရထားများ၊ မြင်းစီးသူရဲများအားဖြင့် ငါ့ဘုန်းပွင့်သောအခါ၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို၊ အဲဂုတ္တုလူတို့သည် သိရကြလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။

19. ထိုအခါ ဣသရေလတပ်ရှေ့မှာသွားသော ဘုရားသခင်၏ ကောင်းကင်တမန်သည် နောက်၌လိုက်သဖြင့်၊ မိုဃ်းတိမ်တိုင်သည် သူတို့ရှေ့ကရွှေ့၍ နောက်၌ရပ်နေလေ၏။

20. ထိုသို့ အဲဂုတ္တုတပ်နှင့် ဣသရေလတပ်စပ်ကြားသို့ရောက်လျှင်၊ အဲဂုတ္တုလူတို့၌ မိုက်သော မိုဃ်းတိမ်ဖြစ်၍၊ ဣသရေလလူတို့အား အလင်းကိုပေးလျက်နေသဖြင့်၊ တညဉ့်လုံး တပ်တဦးနှင့် တဦးမချဉ်းနိုင်ရာ။

ထွက်​မြောက် 14