4. အိမ်ထောင်ငယ်၍ သိုးသငယ်တကောင်နှင့် မတန်လျှင်၊ နီးစပ်သော အိမ်နီးချင်းနှင့်စပ်ဘက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တကောင်ကို စားလောက်သောသူများကိုထောက်၍ သိုးသငယ်တကောင်ကို ယူရမည်။
5. သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသောအကောင်သည် အပြစ်မပါ၊ အခါမလည်သောအထီးဖြစ်ရမည်။
6. ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဦးအချိန်၌ ဣသရေလအမျိုးအစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။
7. သိုးသငယ်၏အသားကိုစားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဘက်၌၊ သိုးသငယ်၏အသွေးကိုယူ၍ ထိုးရမည်။
8. အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညဉ့်ခြင်းတွင်တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
9. အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံးစသည်တို့နှင့်တကွ၊ မီးကင်ပြီးမှ စားရမည်။
10. နံနက်တိုင်အောင် ထိုအသားကိုမကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။
11. အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ခြေနင်းကို စီးလျက်၊ တောင်ဝေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။
12. အကြောင်းမူကား၊ ယနေ့ညဉ့်တွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကိုဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ဘုရားတို့ကို တရားစီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။
13. သိုးသငယ်၏အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကိုငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကိုမသင့်မရောက်ရ။
14. ဤနေ့ရက်သည်လည်း သင်တို့အောက်မေ့စရာဘို့ဖြစ်၍၊ သင်တို့၏အမျိုး အစဉ်အဆက်မပြတ် ဤနေ့ရက်၌ ထာဝရဘုရားအားပွဲခံရကြမည်။ ပညတ်တော်ရှိသည်ဖြစ်၍၊ ထိုပွဲကိုအစဉ်အမြဲခံရကြမည်။