တ​ရား​ဟော 6:3-16 Judson Bible (BJB)

3. အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား ဂတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့် ပျားရည်စီးသောပြည်၌ချမ်းသာရ၍ အလွန်ပွားများမည်အကြောင်း နားထောင်လော့။ သတိနှင့် ကျင့်စောင့်လော့။

4. အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။

5. သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။

6. ယနေ့ငါမှာထားသောစကားကို နှလုံးသွင်းရမည်။

7. ထိုစကားကိုသင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။

8. ထိုစကားကိုလည်း သင်၏လက်၌ လက္ခဏာသက်သေဘို့ရာ၎င်း၊ သင်၏ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်းချည်ထားရမည်။

9. အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေးထားရမည်။

10. သင်မတည်သောမြို့ကြီးမြို့မြတ်တို့ကို၎င်း၊ သင်မဖြည့်ဘဲ ကောင်းသောအရာနှင့် ပြည့်သောအိမ်တို့ကို၎င်း၊

11. သင်မတူးသောရေတွင်းတို့ကို၎င်း၊ သင်မစိုက်ပျိုးသောစပျစ်ဥယျာဉ်နှင့် သံလွင်ပင်တို့ကို၎င်း၊ သင့်အားပေးခြင်းငှာ၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကျိန်ဆိုတော်မူသောပြည်သို့ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကိုဆောင်သွင်းတော်မူ၍၊ သင်သည် ဝစွာစားလျက်နေရသောအခါ၊

12. ကျွန်ခံနေရာအဲဂုတ္တုပြည်မှ သင့်ကိုကယ်နှုတ်ဆောင်ယူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။

13. သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ နာမတော်အားဖြင့်လည်း ကျိန်ဆိုခြင်းကိုပြုရမည်။

14. အခြားတပါးသောဘုရား၊ သင့်ပတ်လည်၌နေသော လူမျိုးတို့၏ဘုရားကို မဆည်းမကပ်ရ။

15. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရားဖြစ်တော်မူ၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို အမျက်ထွက်၍ မြေကြီးပြင်မှာသုတ်သင်ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။

16. သင်သည် မဿာအရပ်၌ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားကို အစုံအစမ်းမပြုရ။

တ​ရား​ဟော 6