24. အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားသည် ဘုန်းတန်ခိုးအာနုဘော်တော်ကို အကျွန်ုပ်တို့အားပြတော်မူပြီ။ မီးထဲကစကားတော်အသံကို အကျွန်ုပ်တို့သည် ကြားရပါပြီ။ ဘုရားသခင်သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း၊ လူသည် အသက်ရှင်သေးသည်ကို၊ ယနေ့၌ အကျွန်ုပ်တို့သည်သိမြင်ရပါပြီ။
25. အကျွန်ုပ်တို့သည် အဘယ်ကြောင့်ယခုသေရပါမည်နည်း။ ဤကြီးစွာသောမီးဖြင့် အကျွန်ုပ်တို့သည်ဆုံးရှုံးပါလိမ့်မည်။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသောအသံတော်ကို တဖန်ကြားရလျှင်သေရပါလိမ့်မည်။
26. အသက်ရှင်တော်မူသောဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသော အသံတော်ကို အကျွန်ုပ်တို့ကြားရသကဲ့သို့ အဘယ်လူသတ္တဝါသည်ကြား၍ အသက်ရှင်သနည်း။
27. ကိုယ်တော်သည် အနီးအပါးသို့ချဉ်းသွား၍၊ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားမိန့်တော်မူသမျှကို ဆင့်ဆိုတော်မူပါ။ အကျွန်ုပ်တို့သည်နားထောင်၍ ပြုပါမည်ဟုလျှောက်ဆိုကြ၏။
28. ထိုသို့သင်တို့သည် ငါ့အားလျှောက်သောစကားကို ထာဝရဘုရား ကြားတော်မူ၏။ ထာဝရဘုရားကလည်း၊ ဤလူမျိုးသည်သင့်အားလျှောက်သော စကားသံကိုငါကြားရပြီ။ လျှောက်လေသမျှသောစကားသည် လျောက်ပတ်ပေ၏။
29. သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် ချမ်းသာရမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့၍ ငါပညတ်သမျှတို့ကို အစဉ်စောင့်ရှောက်ချင်သောစိတ်နှင့် ပြည့်စုံ ကြပါစေသော။
30. တဲများသို့ပြန်သွားကြလော့ဟု သူတို့အားပြောလော့။
31. သင်မှာမူကား၊ ဤအရပ်၌ငါ့အနားမှာရပ်နေလော့။ သူတို့အား ငါအပိုင်ပေးသော ပြည်၌သူတို့ကျင့်ဘို့ရာ သင်သည်သူတို့အားသွန်သင်ရသော စီရင်ထုံးဖွဲ့ချက်၊ ပညတ်တရားအလုံးစုံတို့ကို ငါမြွက်ဆိုမည်ဟု ငါ့အားမိန့်တော်မူ၏။
32. သို့ဖြစ်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်တို့သည်ကျင့်အံ့သောငှာ စောင့်နေရကြမည်။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲမရှောင်ရကြ။
33. သင်တို့ဝင်စားလတံ့သောပြည်၌ သင်တို့သည်သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသောလမ်းအပေါင်းတို့၌ ရှောက်သွားရကြမည်။