13. ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍လုပ်ဆောင်လော့။
14. သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းအစရှိသော သင်၏တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည် အလုပ်မလုပ်ရ။ သင်သည် ငြိမ်ဝပ်စွာနေသကဲ့သို့၊ သင်၏ကျွန်ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ်စွာနေရကြမည်။
15. သင်သည် အဲဂုတ္တုပြည်၌ကျွန်ခံကြောင်းကို၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အားကြီးသောလက်ရုံးတော်ကိုဆန့်၍၊ ထိုပြည်မှ သင့်ကို နှုတ်ဆောင်တော်မူကြောင်းကို၎င်း အောက်မေ့လော့။ ထိုအကြောင်းကြောင့်၊ သင်သည် ဥပုပ်နေ့ကိုစောင့်ရမည်ဟု သင်၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူ၏။
16. သင်၏ဘုရားသခင် ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်တာရှည်၍ ကောင်းစားရမည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့။
17. လူအသက်ကိုမသတ်နှင့်။
18. သူ့မယားကိုမပြစ်မှားနှင့်။
19. သူ့ဥစ္စာကိုမခိုးနှင့်။
20. ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကိုမခံနှင့်။
21. ကိုယ်နှင့်စပ်ဆိုင်သောသူ၏မယားကို တပ်မက်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျား မိန်းမ၊ နွားမြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင်သောသူ၏ဥစ္စာတစုံတခုမျှ တပ်မက်လိုချင်သောစိတ် မရှိစေနှင့်ဟု မိန့်တော်မူ၏။
22. ထိုစကားတော်ကို ထာဝရဘုရားသည် တောင်ပေါ်မှာမီး၊ မိုဃ်းတိမ်၊ ထူထပ်သောမှောင်မိုက်ထဲက ကြီးစွာသောအသံနှင့် သင်တို့စည်းဝေးရာ ပရိသတ် အပေါင်းတို့အားမိန့်မြွက်တော်မူ၏။ ထပ်၍မိန့်မြွက်တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက်ပြားနှစ်ပြားပေါ်မှာရေး၍ ငါ၌အပ်တော်မူ၏။
23. သင်တို့သည် မှောင်မိုက်ထဲကစကားသံကိုကြား၍၊ တောင်ထိပ်သည် မီးလောင်လျက်ရှိသောအခါ၊ သင်တို့မျိုးနွယ်တို့၌မင်းဖြစ်သောသူ၊ အသက်ကြီးသူ တို့သည်ငါ့ထံသို့ချဉ်းကပ်၍၊