တ​ရား​ဟော 5:1-13 Judson Bible (BJB)

1. တဖန်မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့ကိုခေါ်၍၊ အို ဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့အားငါဟောပြောသော စီရင်ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင်၍ကျင့်ခြင်းငှာ သတိပြုမည်အကြောင်း နားထောင်ကြလော့။

2. ငါတို့ဘုရားသခင်ထာဝရဘုရားသည် ဟောရပ်တောင်၌ငါတို့နှင့် ပဋိညာဉ်ပြုတော်မူ၏။

3. ထိုပဋိညာဉ်တရားကိုထာဝရဘုရားသည် ငါတို့ဘိုးဘေးများနှင့်သာ ပြုတော်မူသည်မဟုတ်။ ယနေ့ပင်အသက်ရှင်၍ ဤအရပ်၌ရှိသမျှသောငါတို့နှင့် ပြုတော်မူ၏။

4. ထာဝရဘုရားသည်တောင်ပေါ်မှာ မီးထဲကသင်တို့နှင့် မျက်နှာချင်းဆိုင်၍ မိန့်မြွက်တော်မူ၏။

5. ထိုအခါ သင်တို့သည်မီးကိုကြောက်၍ တောင်ပေါ်သို့မတက်ဝံ့သောကြောင့်၊ ငါသည် ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုခြင်းငှာ၊ ထာဝရဘုရားနှင့် သင်တို့ စပ်ကြားမှာရပ်နေ၏။

6. မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါသည် သင့်ကို ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူခဲ့ပြီးသော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

7. ငါမှတပါး အခြားသောဘုရားကိုမကိုးကွယ်နှင့်။

8. အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်းရှိသောအရာနှင့် ပုံသဏ္ဍာန်တူစွာ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။

9. ဦးမချ၊ ဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ဘုရားသခင်၊ ငါထာဝရဘုရားသည် သင်၌အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူ တို့၏အမျိုးအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘတို့၏ အပြစ်ကို သားတို့၌ဆပ်ပေးစီရင်သောဘုရား၊

10. ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကိုကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကိုပြသောဘုရားဖြစ်၏။

11. သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကိုမုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရားမှတ်တော်မမူ။

12. သင်၏ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုစောင့်လော့။

13. ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍လုပ်ဆောင်လော့။

တ​ရား​ဟော 5