တ​ရား​ဟော 4:32-46 Judson Bible (BJB)

32. ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသောနေ့မှစ၍၊ သင်တို့ မဖြစ်မှီ လွန်လေပြီးသောကာလပတ်လုံး၊ မိုဃ်းကောင်းကင်တဘက်မှ တဘက်တိုင်အောင်မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှုဖြစ်ဘူးသလော။ ဤကဲ့သို့သောအမှု၏သိတင်းကို ကြားဘူးသလော။

33. ဘုရားသခင်သည် မီးထဲကမိန့်မြွက်တော်မူသံကို သင်တို့သည်ကြားသကဲ့သို့၊ အခြားသောလူမျိုးသည်ကြား၍၊ အသက်ချမ်းသာရဘူးသလော။

34. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ သင်တို့မျက်မှောက်၌ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကိုပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊ အားကြီးသောလက်ရုံး တော်ကိုဆန့်ခြင်း၊ ကြောက်မက်ဘွယ်သောရူပါရုံတို့ကိုပြခြင်းအားဖြင့်၊ အခြားတပါးသောဘုရားသည်သွား၍ လူတမျိုးထဲကတမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။

35. ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ ကိုယ်တော်မှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း၊ သင်တို့သိစေခြင်းငှာ၊ ထိုအခြင်းအရာတို့ကို သင်တို့အားပြတော်မူပြီ။

36. သင်တို့ကိုသွန်သင်၍ ကောင်းကင်ထဲကစကားတော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာသော မီးတော်ကိုလည်းပြတော်မူ၍၊ သင်တို့သည် မီးထဲကစကားတော်ကိုကြားရကြပြီ။

37. သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။

38. သင်တို့ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင်ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကိုသွင်း၍ အမွေခံစေခြင်းငှာ၊ မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌နှုတ်ဆောင်တော်မူပြီ။

39. သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်းကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ ဘုရားသခင်ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသောဘုရား မရှိကြောင်းကို၎င်း၊ ယနေ့သိမှတ်၍ နှလုံး၌သွင်းမိကြလော့။

40. သင်တို့နှင့်တကွ သားမြေးတို့သည် ချမ်းသာရခြင်းငှာ၎င်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာ၎င်း၊ ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့်ရှောက်ရကြမည်ဟု မောရှေသည်ဟောပြောလေ၏။

41. ထိုအခါ အိမ်နီးချင်းကိုအငြိုးမထားဘဲ၊ အမှတ်တမဲ့သတ်မိသောသူသည် ပြေး၍၊

42. အသက်ချမ်းသာရသောမြို့သုံးမြို့တို့ကို ယော်ဒန်မြစ်အရှေ့၊ နေထွက်ရာဘက်၌ မောရှေသည်ခွဲထားလေ၏။

43. ထိုမြို့တို့၏အမည်ကား၊ ရုဗင်အမျိုးသားနေရာတောလွင်ပြင်၌ ဗေဇာမြို့၊ ဂဒ်အမျိုးသားနေရာ ဂိလဒ်ပြည်၌ရာမုတ်မြို့၊ မနာရှေအမျိုးသားနေရာ ဗာရှန်ပြည်၌ဂေါလန်မြို့တည်း။

44. ဤရွေ့ကား၊ မောရှေသည် ဣသရေလအမျိုးသားတို့၌ထားသောတရား၊

45. သူတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ ဟေရှဘုန်မြို့နေ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံအတွင်း၊ ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တဘက်၌ရှိသောချိုင့်တွင်၊ မောရှေဟောပြောသောသက်သေစကား၊ စီရင်ထုံးဖွဲ့သော စကားတည်း။

46. မောရှေနှင့် ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်ကြသောနောက်၊ ထိုရှင်ဘုရင်နှင့်၊

တ​ရား​ဟော 4