တ​ရား​ဟော 33:7-26 Judson Bible (BJB)

7. ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကားသံကို နားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါစေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။

8. လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ်သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေအနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ၌ ရှိပါစေသော၊

9. ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူကား၊ စကားတော်ကိုနားထောင်၍ ပဋိညာဉ်တရားတော်ကို စောင့်ရှောက်တတ်၏။

10. သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အမျိုး၌၎င်း၊ တရားတော်ကို ဣသရေလအမျိုး၌၎င်း သွန်သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌၎င်း၊ တကိုယ်လုံး မီးရှို့ရာယဇ်ကိုယဇ်ပလ္လင်တော်ပေါ်၌၎င်း တင်ထားကြလိမ့်မည်။

11. အိုထာဝရဘုရား၊ သူ၏ဥစ္စာကိုကောင်းကြီးပေး၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တဘက်၌ထ၍ သူ့ကိုမုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။

12. ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောသူသည် အထံတော်ပါးတွင် လုံခြုံစွာနေရလိမ့်မည်။ သူ့ကို အစဉ်အမြဲဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။

13. ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသောပြည်သည် အထက်မိုဃ်းကောင်းကင်ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသောအရာအားဖြင့်၎င်း၊

14. နေဖြစ်စေသောဘဏ္ဍာ၊ လဖြစ်စေသောဘဏ္ဍာအားဖြင့်၎င်း၊

15. အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင်ထဲကထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊

16. မြေကြီးဘဏ္ဍာစုံလင်ရာအားဖြင့်၎င်း၊ ထာဝရဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေတော်မူသောသူ၏ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။

17. သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချိုတို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင်နက်ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသားအထောင်ထောင်ပေတည်း။

18. ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက်သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိတဲ၌နေလျက်ဝမ်းမြောက်လော့။

19. ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့်မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကိုနို့စို့ကြလိမ့်မည်။

20. ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေသောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုးသည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့တတ်၏။

21. ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလအမျိုး၌စီရင်တော်မူချက်တို့ကို ပြုလေ၏။

22. ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။

23. နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေးဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသောမင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။

24. အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည်သားသမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏စိတ်နှင့် တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်းရှိပါစေသော။

25. သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့် ကြေးဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည်အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။

26. သင့်ကိုပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန်အမျိုး၏ဘုရားသခင်နှင့် တူသောသူမရှိ။

တ​ရား​ဟော 33