16. မြေကြီးဘဏ္ဍာစုံလင်ရာအားဖြင့်၎င်း၊ ထာဝရဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေတော်မူသောသူ၏ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ခေါင်းထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
17. သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချိုတို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင်နက်ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသားအထောင်ထောင်ပေတည်း။
18. ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက်သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိတဲ၌နေလျက်ဝမ်းမြောက်လော့။
19. ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့်မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကိုနို့စို့ကြလိမ့်မည်။
20. ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေသောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုးသည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့တတ်၏။
21. ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏တရားမှု၊ ဣသရေလအမျိုး၌စီရင်တော်မူချက်တို့ကို ပြုလေ၏။
22. ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
23. နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေးဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသောမင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။
24. အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည်သားသမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏စိတ်နှင့် တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်းရှိပါစေသော။
25. သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့် ကြေးဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည်အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။
26. သင့်ကိုပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန်အမျိုး၏ဘုရားသခင်နှင့် တူသောသူမရှိ။
27. ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကိုထောက်မတော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှနှင်ထုတ်၍ သူတို့ကိုဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
28. ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုးတည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ်ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည်လည်း စက်စက်ကျလိမ့်မည်။
29. အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အဘယ်သူတူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာသောဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ထားလက်နက်ဖြစ်တော်မူ၏။ သင်၏ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့်မည်ဟု မြွက်ဆို၏။