တ​ရား​ဟော 32:6-19 Judson Bible (BJB)

6. အို ပညာမဲ့သောလူမိုက်တို့၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ဤသို့ဆပ်မည်လော။ ထာဝရဘုရားသည် သင့်ကိုဖြစ်စေသောအဘ၊ သင့်ကို ဖန်ဆင်း၍ နေရာချသောသူ ဖြစ်တော်မူသည် မဟုတ်လော။

7. ရှေးကာလကိုအောက်မေ့လော့။ လွန်လေပြီးသောနှစ်ပေါင်းများကို ဆင်ခြင်လော့။ သင့်အဘကိုမေးမြန်းလျှင် သူသည်ဘော်ပြလိမ့်မည်။ အသက်ကြီးသူ တို့ကိုမေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။

8. အမြင့်ဆုံးသောဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုးတို့ကို ပိုင်းခြား၍ အမွေမြေကိုဝေပေးသောအခါ၊ ဣသရေလအမျိုးသားတို့ အရေအတွက်ကို ထောက်ရှု၍၊ လူမျိုးတို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။

9. ထာဝရဘုရား၏အဘို့ကား၊ လူမျိုးတော်တည်း။ ယာကုပ်အမျိုးသည် အမွေခံတော်မူရာဖြစ်သတည်း။

10. လူဆိတ်ညံသောအရပ်၊ သားရဲမြည်၍၊ လွတ်လပ်သောတောလွင်ပြင်၌ ယာကုပ်ကိုတွေ့တော်မူသောအခါ ဝန်းရံဆီးကာခြင်း၊ သွန်သင်ခြင်းကျေးဇူးကိုပြု၍ မျက်ဆန်တော်ကဲ့သို့ စောင့်တော်မူ၏။

11. ရွှေလင်းတသည် အသိုက်ကိုမွှေလျက်၊ သားငယ်တို့အပေါ်မှာ လှုပ်ရှားလျက်၊ အတောင်တို့ကိုဖြန့်လျက်၊ သားငယ်တို့ကိုယူ၍ မိမိအတောင်တို့ဖြင့် ဆောင်သကဲ့သို့၊

12. ထာဝရဘုရားတပါးတည်းသာလျှင်၊ ယာကုပ်ကိုဆောင်သွားတော်မူ၏။ အခြားတပါးသောဘုရား မည်မျှမရှိ။

13. မြေကြီးပေါ်မှာမြင့်မြတ်သောအရပ်တို့၌ နေရာချတော်မူသဖြင့်၊ သူသည် မြေအသီးအနှံကိုစား၍ ကျောက်ထဲကပျားရည်ကို၎င်း၊ မီးပါကျောက်ထဲကဆီကို၎င်း၊

14. သိုးသငယ်ဆီဥ၊ ဗာရှန်အမျိုး၏သိုးထီး၊ ဆိတ်ထီးဆီဥ၊ ဂျုံစပါး၊ ကျောက်ကပ်ဆီဥနှင့်တကွ နွားနို့ဓမ်းနှင့် သိုးနို့ကို၎င်းစို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီးအသွေးစစ်ကိုသောက်ရ၏။

15. သို့ရာတွင်၊ ယေရှုရုန်သည် ဆူဝ၍ ခြေနှင့်ကန်လေ၏။ ဆူဝလျက်၊ တုတ်လျက်၊ ဆီဥနှင့်ပြည့်စုံလျက်နေသဖြင့်၊ ဖန်ဆင်းတော်မူသောဘုရားသခင်ကို စွန့်၍၊ ကယ်တင်ရာကျောက်ကို မထီမဲ့မြင်ပြုလေ၏။

16. သူတို့သည် အခြားတပါးသောဘုရားအားဖြင့် ငြူစူစေကြ၏။ ရွံရှာဘွယ်သော အမှုအရာအားဖြင့် အမျက်တော်ကို နှိုးဆော်ကြ၏။

17. ဘုရားမဟုတ်သော နတ်ဆိုး၊ မသိဘူးသောဘုရား၊ ဘိုးဘေးတို့ မကြောက်ဘူးသော ဘုရားသစ်တို့အား ယဇ်ပူဇော်ကြ၏။

18. သင်ဖြစ်ရာမူလအမြစ်ကို သင်မမှတ်မိ။ သင့်ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ကို သင်မေ့လျော့ပြီ။

19. ထိုအမှုကို ထာဝရဘုရားမြင်သောအခါ၊ အမျက်တော်ထွက်၍ သားသမီးတော်တို့ကို စွန့်ပစ်တော်မူလျက်၊

တ​ရား​ဟော 32