တ​ရား​ဟော 32:29-39 Judson Bible (BJB)

29. ပညာကိုရ၍ ဤအမှုကို နားလည်ကြပါစေသော။ နောက်ဆုံးကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင်ကြပါစေသောဟု မိန့်တော်မူ၏။

30. သူတို့ခိုလှုံစရာကျောက်သည် သူတို့ကိုမရောင်း၊ ထာဝရဘုရားသည် သူတို့ကို အပ်တော်မမူလျှင်၊ လူတယောက်သည် လူတထောင်ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတသောင်းကို အဘယ်သို့ပြေးစေနိုင်မည်နည်း။

31. ငါတို့၏ရန်သူများစီရင်ဆုံးဖြတ်သော်လည်း၊ သူတို့ကျောက်သည် ငါတို့ကျောက်နှင့်မတူ။

32. သူတို့စပျစ်နွယ်ပင်သည် သောဒုံစပျစ်နွယ်ပင်မျိုး၊ ဂေါမောရမြေ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူတို့စပျစ်သီးသည် ခါးသောအပင်၏အသီးဖြစ်၍၊ စပျစ်သီး ပြွတ်တို့သည် ခါးသောအရသာနှင့် ပြည့်စုံကြ၏။

33. သူတို့စပျစ်ရည်သည် နဂါးအဆိပ်၊ ပြင်းထန်သောမြွေဆိုးအဆိပ် အတောက်ဖြစ်၏။

34. ဤအမှုသည် ငါ့ထံမှာသိုထားလျက်၊ ငါ့ဘဏ္ဍာတိုက်၌ တံဆိပ်ခပ်လျက် ရှိသည်မဟုတ်လော။

35. အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ်နှင့် အလျောက်ဆပ်ပေးရသော အခွင့်ကိုငါပိုင်၏။ အချိန်တန်မှ သူတို့ခြေသည် ချော်လိမ့်မည်။ သူတို့၌ ဘေး ရောက်သောအချိန်နီးပြီ။ သူတို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။

36. ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တရတော်မူလျက်၊

37. သူတို့ဘုရား၊ သူတို့ခိုလှုံသောကျောက်သည် အဘယ်မှာရှိသနည်း။

38. သူတို့ပူဇော်သော ဆီဥကိုစား၍ သွန်းလောင်းရာ ပူဇော်သက္ကာ စပျစ်ရည်ကို သောက်သော သူတို့သည် အဘယ်မှာရှိသနည်း။ သူတို့သည်ထ၍ သင်တို့ကို ကွယ်ကာစောင့်မပါလေစေ။

39. ငါသည် ကိုယ်တိုင်အားဖြင့် ဘုရားဖြစ်ကြောင်းကို၎င်း၊ ငါမှတပါး အခြားသောဘုရားမရှိကြောင်းကို၎င်း ကြည့်ရှုကြလော့။ ငါသည် အသက်ကို သေစေ၏။ အသက်ကိုလည်းရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှါ ဒဏ်ခတ်၏။ အနာကိုလည်း ပျောက်စေ၏။ ငါ့လက်မှ အဘယ်သူမျှ မကယ်မနှုတ်နိုင်။

တ​ရား​ဟော 32