21. ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသောအခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့်မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကိုငါသိ၏ဟု မိန့်တော်မူ၏။
22. မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကိုရေးထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။
23. တဖန် နုန်၏သားယောရှုအား ထာဝရဘုရားက၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆိုသောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည်။ ငါသည် သင်နှင့်အတူရှိမည်ဟု မှာထားတော်မူ၏။
24. မောရှေသည် ဤပညတ်တရားစကားတော်အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊
25. ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊
26. ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။
27. သင်တို့အမျိုးသည် ပုန်ကန်တတ်သောသဘော၊ ခိုင်မာသောသဘော ရှိကြောင်းကို ငါသိ၏။ ငါအသက်ရှင်၍၊ သင်တို့တွင်နေစဉ်အခါ၊ ယနေ့ပင် သင်တို့သည် ထာဝရဘုရားကို ပုန်ကန်ကြပြီ။ ငါသေသောနောက် ထိုမျှ မကပြုကြလိမ့်မည်။
28. သင်တို့အမျိုးအနွယ်အသက်ကြီးသူ၊ အရာရှိသူအပေါင်းတို့ကို ငါ့ထံမှာ စုဝေးစေကြလော့။ ဤစကားတို့ကို သူတို့အားဟောပြော၍ သူတို့တဘက်၌ ကောင်းကင်မြေကြီးကို ငါတိုင်တည်မည်။
29. အကြောင်းမူကား၊ ငါသေသောနောက်၊ သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာထားသောလမ်းမှ လွှဲသွားကြလိမ့်မည်ကို ငါသိ၏။ နောင်ကာလတွင်၊ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍ ကိုယ်လက်နှင့် လုပ်ဆောင်သောအားဖြင့် အမျက်တော်ကို နှိုးဆော်သောကြောင့်၊ သင်တို့သည် ဘေးဥပဒ်နှင့် တွေ့ကြုံကြလိမ့်မည်ဟု သတိပေးလေ၏။
30. မောရှေသည် ဣသရေလပရိသတ်အပေါင်းတို့အား အကုန်အစင်မြွက်ဆိုသော သီချင်းစကားဟူမူကား၊