တ​ရား​ဟော 31:19-26 Judson Bible (BJB)

19. ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထိုသီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေကြလော့။

20. အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အားငါကျိန်ဆို၍ နို့နှင့် ပျားရည်စီးသော ပြည်သို့ သူတို့ကိုငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတပါးသော ဘုရားတို့ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကို ပုန်ကန်၍ ငါ့ပဋိညာဉ်တရားကို ဖျက်ကြလိမ့်မည်။

21. ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသောအခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့်မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကိုငါသိ၏ဟု မိန့်တော်မူ၏။

22. မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကိုရေးထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။

23. တဖန် နုန်၏သားယောရှုအား ထာဝရဘုရားက၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆိုသောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည်။ ငါသည် သင်နှင့်အတူရှိမည်ဟု မှာထားတော်မူ၏။

24. မောရှေသည် ဤပညတ်တရားစကားတော်အလုံးစုံတို့ကို အကုန်အစင်ရေးထားပြီးမှ၊

25. ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိသားတို့ကို ခေါ်၍၊

26. ဤပညတ္တိကျမ်းစာသည် သင်တို့အမျိုးတဘက်၌ သက်သေဖြစ်မည်အကြောင်း၊ ထိုစာကိုယူ၍ သင်တို့ဘုရားသခင် ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော် အနားမှာတင်ထားကြလော့။

တ​ရား​ဟော 31