တ​ရား​ဟော 31:11-23 Judson Bible (BJB)

11. သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူလတံ့သော အရပ်တွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ်အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။

12. ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသောတပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။

13. ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင်ကြလိမ့်မည်ဟု မှာထားသတည်း။

14. ထာဝရဘုရားကလည်း၊ သင်သည် သေရသောအချိန်နီးပြီ။ ယောရှုကိုခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှုသည်သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်ကြ၏။

15. ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ်တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော်တံခါးဝအပေါ်မှာ တည်နေ၏။

16. တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည်ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသားကိုးကွယ်သောဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။

17. ထိုအခါ ငါသည်အမျက်တော်ထွက်၍ သူတို့ကိုစွန့်မည်။ သူတို့မှ ငါ့မျက်နှာကို လွှဲသဖြင့်၊ သူတို့သည်ပျက်စီး၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါတို့ဘုရားသခင်သည် ငါတို့တွင် ရှိတော်မမူသောကြောင့်၊ ဤဘေးဒဏ်တို့သည် ငါတို့အပေါ်မှာ ရောက်သည်မဟုတ်လောဟု ဆိုကြလိမ့်မည်။

18. သူတို့သည် အခြားတပါးသော ဘုရားတို့နောက်သို့လွှဲသွား၍ ပြုသော ဒုစရိုက်အပေါင်းတို့ကြောင့်၊ ထိုအခါ ငါသည် ကိုယ်မျက်နှာကို ဧကန်အမှန်လွှဲမည်။

19. ယခုမှာ ဓမ္မသီချင်းကို ရေးထားကြလော့။ ထိုသီချင်းကို ဣသရေလအမျိုးတဘက်၌ ငါ့အဘို့ သက်သေဖြစ်စေခြင်းငှာ၊ သူတို့သည် နှုတ်ကျက်ရအောင် သင်စေကြလော့။

20. အကြောင်းမူကား၊ သူတို့၏ဘိုးဘေးတို့အားငါကျိန်ဆို၍ နို့နှင့် ပျားရည်စီးသော ပြည်သို့ သူတို့ကိုငါဆောင်သွင်းသဖြင့် သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတပါးသော ဘုရားတို့ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကို ပုန်ကန်၍ ငါ့ပဋိညာဉ်တရားကို ဖျက်ကြလိမ့်မည်။

21. ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံသောအခါ၊ ထိုသီချင်းသည် သူတို့တဘက်၌ သက်သေခံလိမ့်မည်။ သူတို့အမျိုးအနွယ်သည် နှုတ်ကျက်မမေ့လျော့ရ။ ငါကျိန်ဆိုသောပြည်သို့ ငါဆောင်၍ မသွင်းမှီ၊ ယခုပင် သူတို့ကြံစည်သော အကြံအစည်ကိုငါသိ၏ဟု မိန့်တော်မူ၏။

22. မောရှေသည်လည်း၊ ထိုနေ့၌ ဓမ္မသီချင်းကိုရေးထား၍ ဣသရေလအမျိုးသားတို့အား သင်လေ၏။

23. တဖန် နုန်၏သားယောရှုအား ထာဝရဘုရားက၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ ငါကျိန်ဆိုသောပြည်သို့ ဣသရေလအမျိုးသားတို့ကို ဆောင်သွင်းရ မည်။ ငါသည် သင်နှင့်အတူရှိမည်ဟု မှာထားတော်မူ၏။

တ​ရား​ဟော 31