တ​ရား​ဟော 31:1-16 Judson Bible (BJB)

1. တဖန် မောရှေသည် သွား၍ ဣသရေလအမျိုးသား အပေါင်းတို့အား ဟောပြောသည်ကား၊

2. ငါသည် ယနေ့ အသက်တရာနှစ်ဆယ်စေ့ပြီ။ သင်တို့ရှေ့မှာ ထွက်ဝင်ခြင်းငှာ နောက်တဖန် မတတ်နိုင်။ ထာဝရဘုရားကလည်း၊ သင်သည် ယော်ဒန်မြစ်ကို မကူးရဟု မိန့်တော်မူပြီ။

3. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ရှေ့မှာကူး၍၊ ထိုပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာကို သင်တို့ဝင်စားရကြလိမ့်မည်။ ထာဝရဘုရားအမိန့်တော်အတိုင်း၊ ယောရှုသည်လည်း သင်တို့ရှေ့မှာ ကူးရလိမ့်မည်။

4. ထာဝရဘုရားသည်လည်း၊ အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌၎င်း၊ ဖျက်ဆီးတော်မူသော သူတို့ပြည်၌၎င်း ပြုသကဲ့သို့၊ ထိုပြည်သား အမျိုးမျိုးတို့၌ ပြုတော်မူလိမ့်မည်။

5. ထာဝရဘုရားသည် သူတို့ကို သင်တို့၌ အပ်တော်မူသဖြင့်၊ ငါမှာထားသမျှသော ပညတ်တို့အတိုင်း၊ သူတို့၌ ပြုရကြလိမ့်မည်။

6. အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရားသခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ကြွတော်မူ မည်။ သင်တို့ကို စွန့်တော်မမူ၊ ပစ်ထားတော်မမူဟု ဟောပြော၏။

7. တဖန်ယောရှုကိုခေါ်၍၊ သင်သည် အားယူ၍ ရဲရင့်ခြင်းရှိလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဤလူတို့အားပေးခြင်းငှာ၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့ သင်သည် သူတို့နှင့်အတူသွား၍ အမွေခံစေရမည်။

8. သင့်ရှေ့မှာ ထာဝရဘုရားသည်ကိုယ်တိုင်ကြွ၍ သင်နှင့်ရှိတော်မူလိမ့်မည်။ သင့်ကိုစွန့်တော်မမူ၊ ပစ်ထားတော်မမူ။ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်းတို့ရှေ့မှာ ပြောဆို၏။

9. ဤပညတ်တရားကို မောရှေသည်ရေးထား၍ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းသောလေဝိသားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုး အသက်ကြီးသူများ အပေါင်းတို့၌အပ်၍၊

10. မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကိုလွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန်ရောက်မှ၊

11. သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူလတံ့သော အရပ်တွင် ဣသရေလအမျိုးသားအပေါင်းတို့သည် ရှေ့တော်၌ ကိုယ်ကို ပြခြင်းငှာ လာကြသောအခါ၊ ဤပညတ်တရားကို ထိုပရိသတ်အပေါင်းတို့ရှေ့မှာ ဘတ်ရွတ်ရမည်။

12. ယောက်ျား၊ မိန်းမ၊ သူငယ်များ၊ တည်းခိုသောတပါးအမျိုးသားများတို့သည် ကြား၍ နားလည်သဖြင့်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့၍၊ ဤပညတ်တရားစကားအလုံးစုံတို့ကို စောင့်ရှောက်စေခြင်းငှာ ပရိသတ်တို့ကို စုဝေးစေကြလော့။

13. ထိုသို့ပြုလျှင်၊ နားမလည်သေးသော သူငယ်တို့သည် ကြားသဖြင့်၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ နေသည်ကာလပတ်လုံး၊ သင်တို့ဘုရားသခင် ထာဝရဘုရားကို ကြောက်ရွံ့စေခြင်းငှာ သင်ကြလိမ့်မည်ဟု မှာထားသတည်း။

14. ထာဝရဘုရားကလည်း၊ သင်သည် သေရသောအချိန်နီးပြီ။ ယောရှုကိုခေါ်၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်လော့။ သူ့ကိုငါမှာထားမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေနှင့် ယောရှုသည်သွား၍ ပရိသတ်စည်းဝေးရာ တဲတော်သို့ ချဉ်းကပ်ကြ၏။

15. ထာဝရဘုရားသည် တဲတော်တွင် မိုဃ်းတိမ်တိုင်၌ ထင်ရှားတော်မူ၍၊ မိုဃ်းတိမ်တိုင်သည် တဲတော်တံခါးဝအပေါ်မှာ တည်နေ၏။

16. တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်သောအခါ၊ ဤလူမျိုးသည်ထ၍ ယခုသွားသောပြည်၌နေသော တပါးအမျိုးသားကိုးကွယ်သောဘုရားတို့နှင့် မှားယွင်း၍ ငါ့ကိုစွန့်လျက်၊ ငါဖွဲ့ထားသော ပဋိညာဉ်တရားကို ဖျက်လိမ့်မည်။

တ​ရား​ဟော 31