9. သင်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ စကားတော်ကို နားထောင်၍၊
10. ဤပညတ္တိကျမ်းစာ၌ ရေးထားသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက်လျှင်၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားထံတော်သို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်လာလျှင်၎င်း၊ သင်ပြုလေရာရာ၌ အောင်မည်အကြောင်းနှင့် သင်၏သားသမီး၊ တိရစ္ဆာန်၊ အသီးအနှံတိုးပွားများပြားမည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရားသည် သင်၏ဘိုးဘေးတို့၌ အားရဝမ်းမြောက်သကဲ့သို့ သင်၌အားရဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
11. ယနေ့ငါမှာထားသော ပညတ်တရားတော်သည် သင်နားမလည်နိုင်သော တရားမဟုတ်။
12. သင်နှင့်ဝေးသည်မဟုတ်။ တရားတော်ကိုငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ကောင်းကင်သို့ အဘယ်သူတက်၍ ငါတို့ထံသို့ ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာကောင်းကင်၌ ရှိသည် မဟုတ်။
13. တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက်မည်အကြောင်း၊ ပင်လယ်ကို အဘယ်သူကူး၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟု မေးစေခြင်းငှာ၊ ပင်လယ်တဘက်၌ ရှိသည်မဟုတ်။
14. တရားတော်သည် သင်စောင့်ရှောက်ဘို့ရာ သင်နှင့် အလွန်နီး၏။ သင်၏နှုတ်၌၎င်း၊ သင်၏နှလုံး၌၎င်းရှိ၏။
15. ကြည့်ပါတော့၊ အသက်ရှင်ခြင်းချမ်းသာနှင့် သေခြင်းဆင်းရဲတို့ကို သင့်ရှေ့မှာ ယနေ့ ငါထား၏။
16. သင်သည် အသက်ရှင်၍ တိုးပွားမည်အကြောင်းနှင့် သင်ဝင်စားလတံ့သောပြည်၌၊ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူမည်အကြောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ် သဖြင့် နောက်တော်သို့လိုက်၍၊ စီရင်ထုံးဖွဲ့တော်မူချက် ပညတ်တရားတော်တို့ကို စောင့်ရှောက်လော့ဟု ငါမှာထား၏။
17. သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့်၊ သင်သည် နားမထောင်ဘဲ သူတပါး သွေးဆောင်ရာသို့ လိုက်၍၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင်၊
18. ယော်ဒန်မြစ်ကိုကူး၍ ဝင်စားလတံ့သောပြည်၌ အသက်တာမရှည်၊ ဧကန်အမှန် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်ဟု ယနေ့ ငါသတိပေး၏။