17. သူတို့၌ရှိသော စက်ဆုပ်ရွံ့ရှာဘွယ်သော သစ်သားရုပ်တု၊ ကျောက်ရုပ်တု၊ ရွှေရုပ်တု၊ ငွေရုပ်တုတို့ကို မြင်ကြပြီ။
18. ငါတို့ဘုရားသခင် ထာဝရဘုရားထံတော်မှ လွှဲရှောင်ချင်သောသဘောရှိလျက်၊ ထိုလူမျိုးတို့၏ဘုရားများထံသို့ သွား၍ဝတ်ပြုသောယောက်ျား၊ မိန်းမ၊ အဆွေ အမျိုးတစုံတယောက်သည် သင်တို့တွင်ပါမည်ဟူ၍၎င်း၊ ခါးစွာသောအသီး၊ ဒေါနကို သီးတတ်သော အပင်မြစ်သည် သင်တို့တွင် ပေါက်မည်ဟူ၍၎င်း၊
19. ထိုသို့သောသူသည် ဤကျိန်ခြင်းစကားကို ကြားသောအခါ၊ စိတ်ခိုင်မာသည်အတိုင်း၊ ငါကျင့်၍ ရေငတ်ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာရမည်ဟု စိတ်ထဲမှာ ကိုယ်ကိုကိုယ်ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
20. ထိုသူကို ထာဝရဘုရားနှမြောတော်မမူ။ အပြစ်ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက်တော်အရှိန် မီးခိုးထွက်၍ ဤကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ သည် ထိုသူအပေါ်မှာ တည်နေကြလိမ့်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုဃ်းကောင်းကင်အောက်၌ ချေတော်မူလိမ့်မည်။
21. ဤပညတ္တိကျမ်းစာ၌ ရေးထားသော ပဋိညာဉ် အမင်္ဂလာရှိသမျှတို့နှင့်အညီ၊ ထိုသူကို ဣသရေလအမျိုးအနွယ် အပေါင်းတို့ထဲက၊ ထာဝရဘုရားနှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထားတော်မူလိမ့်မည်။
22. သူ့နေရာအရပ်၌ ထာဝရဘုရားဒဏ်ခတ်တော်မူသော၊
23. အနာရောဂါဘေးဥပဒ်တို့ကို၎င်း၊ ထာဝရဘုရားသည် ဒေါသအမျက်တော်ထွက်၍ မှောက်လှန်တော်မူသော သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ ပြိုပျက်ရာကဲ့သို့၊ တပြည်လုံးကို ကန့်နှင့်မီး ကျွမ်း လောင်သော ဆားသက်သက်ဖြစ်၍၊ မျိုးစေ့မကြဲ၊ အသီးအနှံမသီး၊ မြက်ပင်မပေါက်ကြောင်းကို၎င်း၊ သင်တို့နောက်မှာ ဖြစ်လတံ့သော သင်တို့အမျိုးသား၊ ဝေးသော အရပ်မှလာသော တပါးအမျိုးသားတို့သည် မြင်ကြသောအခါ၊
24. ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော်အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊
25. သူတပါးတို့က၊ ထိုသူတို့၏ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊ သူတို့နှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကို သူတို့သည် စွန့်ကြသောကြောင့်၎င်း၊
26. အထက်ကသူတို့မသိ၊ သူတို့အား အဘယ်အရာကိုမျှ မပေးသော အခြားတပါးသောဘုရားတို့အား ဝတ်ပြုကိုးကွယ်ကြသောကြောင့်၎င်း၊
27. ဤမည်သောကျမ်းစာ၌ ရေးထားသော အမင်္ဂလာရှိသမျှတို့ကို ဤပြည်၌ သင့်ရောက်စေခြင်းငှာ၊ ထာဝရဘုရားသည် အမျက်တော်ထွက်သဖြင့်၊
28. ပြင်းစွာသော ဒေါသအမျက် အရှိန်အားကြီးလျက် သူတို့ပြည်ထဲက သူတို့ကို နှုတ်ပယ်၍၊ ယနေ့တိုင်အောင် အခြားတပါးသောပြည်သို့ နှင်ထုတ်တော်မူသည်ဟု ပြန်ပြောကြလိမ့်မည်။
29. မထင်ရှားသောအရာတို့သည်၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့သားသမီးများတို့၏အငန်းအတာဖြစ်၍၊ ဤပညတ် တရားစကားအလုံးစုံတို့ကို စောင့်ရှောက်ရမည်အကြောင်းတည်း။