59. ထာဝရဘုရားသည် သင်ခံရသောဘေး၊ သင့်အမျိုးအနွယ် ခံရသော ဘေးတို့ကို အံ့ဩဘွယ်သောဘေး၊ အလွန်ကြီး၍ မြဲမြံသောဘေး၊ အလွန်ပြင်း၍ မြဲမြံ သောရောဂါဝေဒနာ ဖြစ်စေတော်မူမည်။
60. ထိုမှတပါး၊ သင်ကြောက်တတ်သော အဲဂုတ္တုပြည်၏ အနာရောဂါရှိသမျှတို့ကို သင့်အပေါ်မှာ သက်ရောက်စေတော်မူသဖြင့်၊ သင်၌ ထိုအနာရောဂါတို့သည် စွဲကပ်ကြလိမ့်မည်။
61. ထိုမှတပါး၊ ဤပညတ္တိကျမ်းစာ၌ ရေး၍မထားသော အနာရောဂါ ဘေးဥပဒ်ရှိသမျှတို့ကို သင်သည်မပျက်စီးမှီတိုင်အောင်၊ သင့်အပေါ်မှာ ထာဝရဘုရား သက်ရောက်စေတော်မူမည်။
62. သင်သည် အရေအတွက်အားဖြင့် မိုဃ်းကောင်းကင် ကြယ်ကဲ့သို့များသော်လည်း၊ သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်သောကြောင့် နည်းနည်းဖြစ်ရလိမ့်မည်။
63. သင့်ကို ကျေးဇူးပြု၍ များပြားစေသောအမှု၌ ထာဝရဘုရား ပျော်မွေ့တော်မူသည်နည်းတူ၊ တဖန် သင့်ကိုဖျက်ဆီး၍ အကျိုးနည်းစရာအမှု၌ ပျော်မွေ့တော်မူသဖြင့်၊ သင်သွား၍ ဝင်စားလတံ့သောပြည်ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
64. ထာဝရဘုရားသည်လည်း၊ မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင်၊ လူမျိုးအပေါင်းတို့တွင် သင့်ကို အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သင်နှင့် သင့် ဘိုးဘေးတို့မသိဘူးသော အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။
65. ထိုလူမျိုးတို့တွင် သင်သည် သက်သာခြင်းမရှိရာ၊ နေရာမကျရာ။ နှလုံးတုန်လှုပ်ခြင်း၊ မျက်စိမြော်၍ အားကုန်ခြင်း၊ ဝမ်းနည်းခြင်းအကြောင်းကို ထာဝရဘုရားစီရင်တော်မူသဖြင့်၊
66. သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ညဉ့်မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေရလိမ့်မည်။
67. သင်၏စိတ်နှလုံးထဲမှာ ကြောက်ရွံ့ရသောအကြောင်း၊ သင့်မျက်စိနှင့် မြင်ရသောအရာကြောင့်၊ နံနက်အချိန်၌ သင်က၊ ညဉ့်ရောက်ပါစေဟူ၍၎င်း၊ ညဉ့်အချိန်၌ နံနက်ရောက်ပါစေဟူ၍၎င်း ဆုတောင်းရလိမ့်မည်။
68. ထိုလမ်းကို နောက်တဖန်သင်မမြင်ရဟု မိန့်တော်မူသောလမ်းဖြင့် ထာဝရဘုရားသည် တဖန်သင့်ကို အဲဂုတ္တုပြည်သို့ သင်္ဘောနှင့် ပို့ဆောင်တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမဖြစ်စေခြင်းငှာ ရန်သူတို့၌ ရောင်းကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှ သင့်ကို မဝယ်လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။ ပညတ်တော်တို့ကို စောင့်၍ လမ်းတော်သို့ လိုက်လျှင်၊ ထာဝရဘုရားကျိန်ဆိုသည်အတိုင်း၊ သင့်ကို ကိုယ်တော် အဘို့ သန့်ရှင်းသောအမျိုး အစဉ်အမြဲဖြစ်စေတော်မူမည်။