တ​ရား​ဟော 28:25-43 Judson Bible (BJB)

25. သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကိုဒဏ်ပေးတော်မူမည်။ သင်သည် တလမ်းတည်းဖြင့် သူတို့ရှိရာသို့ သွားသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သူတို့ရှေ့မှပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်းအပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။

26. သင်၏အသေကောင်သည် မိုဃ်းကောင်းကင်ငှက်၊ တောသားရဲစားစရာဘို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။

27. ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သောယားနာဖြင့် ဒဏ်ခတ်တော်မူမည်။

28. ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊

29. မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်းသပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ်ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင်ရ။

30. မိန်းမနှင့် လက်ထပ်ပြီးသော်လည်း အခြားသောသူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်သီးကို မဆွတ်မယူရ။

31. သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေသော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ။

32. သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက်၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန်လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။

33. သင်မသိမကျွမ်းသောလူမျိုးသည် သင့်နေရာပြည်၏ အသီးအနှံကို၎င်း၊ သင်လုပ်ဆောင်၍ရသောဥစ္စာကို၎င်း စားလိမ့်မည်။ သင်သည် ညှဉ်းဆဲနှိပ်စက် ခြင်းကိုသာ အစဉ်မပြတ် ခံရလိမ့်မည်။

34. ထိုသို့ ကိုယ်တိုင်တွေ့မြင်သောအမှုကြောင့် သင်သည် အရူးဖြစ်ရလိမ့်မည်။

35. ထာဝရဘုရားသည် သင့်ဒူးနှင့် ခြေထောက်မက၊ ခြေဘဝါးမှစ၍ ဦးခေါင်းထိပ်တိုင်အောင် မပျောက်နိုင်သောအနာစိမ်းဖြင့် ဒဏ်ခတ်တော်မူမည်။

36. ထာဝရဘုရားသည်၊ သင်ချီးမြှောက်သောရှင်ဘုရင်ကို သင်နှင့် သင့်ဘိုးဘေးတို့ မသိမကျွမ်းဘူးသော လူမျိုးရှိရာသို့ဆောင်သွားတော်မူသဖြင့်၊ သင်သည် အခြားတပါးသော ဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ဝတ်ပြုရလိမ့်မည်။

37. ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူ သော အပြည်ပြည်တို့၌ သင်သည်အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။

38. သင်သည် များစွာသော မျိုးစေ့ကို လယ်သို့ယူသွား၍ ကျိုင်းကောင်တို့သည် ကိုက်စားသောကြောင့်၊ နည်းသောစပါးကို သိမ်းရလိမ့်မည်။

39. စပျစ်ဥယျာဉ်တို့ကို စိုက်၍ပြုစုသော်လည်း၊ ပိုးများကိုက်စားသောကြောင့် ကိုယ်တိုင်စပျစ်သီးကို မဆွတ်ရ၊ စပျစ်ရည်ကိုလည်း မသောက်ရ။

40. သင့်နေရာအရပ်ရပ်၌ သံလွင်ပင်ရှိသော်လည်း၊ အသီးမမှည့်မှီ ကြွေသောကြောင့် သင်သည် သံလွင်ဆီနှင့် ကိုယ်ကိုမလိမ်းရ။

41. သားသမီးကိုဘွားမြင်သော်လည်း၊ သူတို့နှင့် မပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်းသွားကြလိမ့်မည်။

42. သင့်နေရာပြည်၌သစ်ပင်ရှိသမျှ၊ မြေအသီးအနှံရှိသမျှကို ကျိုင်းကောင်တို့သည် ကိုက်စားကြလိမ့်မည်။

43. သင်နှင့်အတူနေသော တပါးအမျိုးသားသည်မြင့်လျက်၊ သင့်အပေါ်သို့ တက်လိမ့်မည်။ သင်မူကား၊ အောက်သို့ဆင်း၍နေရလိမ့်မည်။

တ​ရား​ဟော 28