တ​ရား​ဟော 28:19-32 Judson Bible (BJB)

19. မိမိအိမ်ထဲသို့ဝင်သောအခါ အမင်္ဂလာရှိလိမ့်မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။

20. ထာဝရဘုရားကိုစွန့်၍ ပြုမိသော ဒုစရိုက်အပြစ်ကြောင့် အလျင်အမြန် ပျက်စီးဆုံးရှုံးခြင်းသို့ မရောက်မှီတိုင်အောင်၊ ပြုလေရာရာ၌ ကျိန်ဆဲခြင်း၊ နှောင့်ရှက်ခြင်း၊ ကဲ့ရဲ့ခြင်းတို့ကို သင့်အပေါ်မှာ သက်ရောက်စေတော်မူမည်။

21. သင်သွား၍ ဝင်စားလတံ့သောပြည်မှ သုတ်သင်ပယ်ရှင်းတော်မမူမှီ တိုင်အောင်၊ ကာလနာကို သင်၌စွဲစေတော်မူမည်။

22. ထာဝရဘုရားသည် သင့်ကိုတူလာ၊ ဖျားနာ၊ ဒလခက်နာ၊ ခရခရနာဖြင့်၎င်း၊ ထားဘေး၊ လေထိ၍ အပင်သေဘေး၊ အရည်ယို၍ အပင်သေဘေးဖြင့်၎င်း ဒဏ်ခတ်တော်မူ၍၊ သင်သည်မပျက်စီးမှီတိုင်အောင် ထိုဘေးတို့သည် လိုက်ကြလိမ့်မည်။

23. သင့်ခေါင်းပေါ်မှာ မိုဃ်းကောင်းကင်သည် ကြေးဝါကဲ့သို့၎င်း၊ သင့်အောက်၌ မြေသည် သံကဲ့သို့၎င်း ဖြစ်လိမ့်မည်။

24. ထာဝရဘုရားသည် သင့်နေရာပြည်၌ရွာသော မိုဃ်းရေကို မြေမှုန့်၊ ဖုံဖြစ်စေတော်မူသဖြင့်၊ သင်သည် မပျက်စီးမှီတိုင်အောင် သင့်အပေါ်မှာ ကျရလိမ့်မည်။

25. သင်၏ရန်သူရှေ့မှာ ထာဝရဘုရားသည် သင့်ကိုဒဏ်ပေးတော်မူမည်။ သင်သည် တလမ်းတည်းဖြင့် သူတို့ရှိရာသို့ သွားသော်လည်း၊ လမ်းခုနစ်သွယ်ဖြင့် သူတို့ရှေ့မှပြေး၍ မြေပေါ်မှာရှိသော အတိုင်းတိုင်းအပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။

26. သင်၏အသေကောင်သည် မိုဃ်းကောင်းကင်ငှက်၊ တောသားရဲစားစရာဘို့ ဖြစ်ရလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။

27. ထာဝရဘုရားသည် သင့်ကို အဲဂုတ္တုအနာစိမ်း၊ မြင်းသရိုက်နာ၊ ဝဲနာ၊ မပျောက်နိုင်သောယားနာဖြင့် ဒဏ်ခတ်တော်မူမည်။

28. ရူးသောအနာ၊ မျက်စိကန်းသောအနာ၊ မိန်းမောတွေဝေသောအနာဖြင့် ဒဏ်ခတ်တော်မူ၍၊

29. မျက်စိကန်းသောသူသည် မှောင်မိုက်၌ စမ်းသပ်ရသကဲ့သို့၊ သင်သည် မွန်းတည့်အချိန်၌ပင် စမ်းသပ်ရလိမ့်မည်။ သင်ပြုသောအမှု၌ မအောင်ဘဲ ညှဉ်းဆဲခြင်း၊ လုယူခြင်းကိုသာ ခံရလိမ့်မည်။ အဘယ်သူမျှ မကယ်တင်ရ။

30. မိန်းမနှင့် လက်ထပ်ပြီးသော်လည်း အခြားသောသူသည် ပေါင်းဘော်ရလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း ကိုယ်တိုင်မနေရ။ စပျစ်ဥယျာဉ်ကို စိုက်သော်လည်း စပျစ်သီးကို မဆွတ်မယူရ။

31. သင့်နွားကို သင့်မျက်မှောက်၌ သတ်၍သေသော်လည်း သင့်ကိုယ်တိုင်မစားရ။ သင့်မြည်းကို သင့်ရှေ့မှောက်၌ အနိုင်အထက်ယူသွားပြီးမှ၊ နောက်တဖန်ပြန်၍ မပေးရ။ သင့်သိုးတို့ကို သင့်ရန်သူ၌အပ်သောအခါ ကယ်နှုတ်သောသူမပေါ်မရှိရ။

32. သင့်သားသမီးတို့သည် သူတပါးလက်သို့ရောက်၍၊ သင့်မျက်စိသည် တနေ့လုံး မြော်ကြည့်လျက် အားကုန်လိမ့်မည်။ သင့်လက်သည်လည်း ခွန်အားမရှိရ။

တ​ရား​ဟော 28