တ​ရား​ဟော 28:10-19 Judson Bible (BJB)

10. သင်သည် ထာဝရဘုရား၏နာမတော်ဖြင့် ခေါ်ဝေါ်သမုတ်ခြင်းကိုခံရသည်ဟု လူမျိုးခပ်သိမ်းတို့သည်သိမြင်၍ သင့်ကို ကြောက်ရွံ့ကြလိမ့်မည်။

11. ထာဝရဘုရားသည် သင့်အားပေးခြင်းငှာ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၌ ဥစ္စာပစ္စည်း၊ သားသမီး၊ တိရစ္ဆာန်အတိုးအပွား၊ မြေအသီးအနှံများကို ကြွယ်ဝစေတော်မူမည်။

12. ထာဝရဘုရားသည် အချိန်တန်မှ သင်၏ပြည်၌မိုဃ်းရွာစေခြင်းငှာ၎င်း၊ သင်ပြုလေရာရာ၌ ကောင်းကြီးပေးခြင်းငှာ၎င်း၊ ဘဏ္ဍာတော်တိုက်တည်းဟူသော မိုဃ်းကောင်းကင်ကိုဖွင့်တော်မူမည်။ သင်သည် လူမျိုးများတို့အား ချေးငှားရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့်အားချေးငှားရသောအခွင့် မရှိရ။

13. ထာဝရဘုရားသည် သင့်ကိုအမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့်၊ သင်သည် အောက်၌မနေရဘဲ အပေါ်၌သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါဆင့်ဆိုသော၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်၎င်း၊

14. ယနေ့ ငါဆင့်ဆိုသောစကားတော်လမ်းမှထွက်၍ လက်ျာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ အခြားတပါးသောဘုရားနောက်သို့ လိုက်၍ ဝတ်မပြုဘဲနေလျှင်၎င်း၊ ထိုသို့သောကျေးဇူးတော်ကို ခံရလိမ့်မည်။

15. ယနေ့ ငါဆင့်ဆိုသော သင်၏ဘုရားသခင် ထာဝရဘုရား စီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံတို့ကို ကျင့်စောင့်ခြင်းငှာ စကားတော်ကို နားမထောင်လျှင်၊ သင့်အပေါ်မှာ သက်ရောက်လတံ့သော ကျိန်ခြင်း အမင်္ဂလာများဟူမူကား၊

16. သင်သည် မြို့၌အမင်္ဂလာရှိလိမ့်မည်၊ တော၌ အမင်္ဂလာရှိလိမ့်မည်။

17. ခြင်တောင်း၌၎င်း၊ မုန့်နယ်သောခွက်၌၎င်း အမင်္ဂလာရှိလိမ့်မည်။

18. သားသမီးအားဖြင့်၎င်း၊ မြေအသီးအနှံအားဖြင့်၎င်း၊ သိုးနွားအစီးအပွားအားဖြင့်၎င်း အမင်္ဂလာရှိလိမ့်မည်။

19. မိမိအိမ်ထဲသို့ဝင်သောအခါ အမင်္ဂလာရှိလိမ့်မည်။ ပြင်သို့ ထွက်သောအခါ အမင်္ဂလာရှိလိမ့်မည်။

တ​ရား​ဟော 28