1. တစုံတယောက်သောသူသည် မယားနှင့်ထိမ်းမြား၍ ဆက်ဆံပြီးမှ တဖန် အပြစ်တင်စရာ အကြောင်းရှိသောကြောင့် စိတ်မတွေ့လျှင်၊ ဖြတ်စာကိုရေး၍ သူ၌ အပ်ပေးသဖြင့် လွှတ်လိုက်ရမည်။
2. ထိုမိန်းမသည် လင်အိမ်မှထွက်သွားသောနောက်၊ အခြားသောသူ၏မယား ဖြစ်ရသောအခွင့်ရှိ၏။
3. နောက်နေသောလင်သည်လည်း သူ့ကိုမုန်းလျှင်၊ ဖြတ်စာကိုရေး၍ သူ၌အပ်သဖြင့် လွှတ်လိုက်သည် ဖြစ်စေ၊ ထိုလင်သေသည်ဖြစ်စေ၊
4. အရင်လွှတ်လိုက်သောလင်ဟောင်းသည် ညစ်ညူးခြင်းရှိသော ထိုမိန်းမကို နောက်တဖန်မသိမ်းရ။ ထာဝရဘုရားရှေ့တော်၌ စက်ဆုပ်ဘွယ်သောအမှုဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အပြစ်မရောက်စေရ။
5. အိမ်ထောင်ဘက်ပြုစရှိသောသူသည် စစ်တိုက်မသွားရ။ မင်းအမှုကို မဆောင်ရ။ တနှစ်ပတ်လုံး ကိုယ်အိမ်၌အလွတ်နေ၍ မယားကို ကျွေးမွေးပြုစုရမည်။
6. ကြိတ်ဆုံအပေါ် ကျောက်ပြားကို ဖြစ်စေ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှ အပေါင်မယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။
7. လူသည် မိမိအမျိုးသားချင်းဖြစ်သော ဣသရေလအမျိုးသားကို ခိုး၍ ကျွန်အရာ၌ ထားသည်ဖြစ်စေ၊ ရောင်းသည်ဖြစ်စေ၊ ထိုသူခိုးကို တွေ့မိလျှင် အသေသတ်ရမည်။ သင်တို့တွင် ဒုစရိုက်အပြစ်ကို ထိုသို့ ပယ်ရှားရကြ မည်။