11. တနည်းကား၊ မိမိအဘော်ကိုရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
12. သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကို စေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏ လက်၌ အပ်လိုက်ရကြမည်။
13. သင်၏မျက်စိသည် သူ့ကိုမသနားရ၊ သင်သည် ချမ်းသာရမည်အကြောင်း၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။
14. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာမြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီးချင်း၏ မြေမှတ်တိုင်ကို မရွှေ့ရ။
15. လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတဦးတည်းရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦး အားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။
16. မမှန်သော သက်သေခံတယောက်သည်၊ သူတပါးတဘက်၌ မမှန်သောသက်သေကို ခံလျှင်၊
17. တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရ ဘုရားရှေ့တော်သို့၎င်း၊ ထိုကာလ၌ရှိသော ယဇ်ပုရောဟိတ်၊ တရားသူကြီးရှေ့သို့၎င်း လာသဖြင့်၊
18. တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက်၌ မမှန် သောသက်သေကို ခံပြီးလျှင်၊
19. မိမိအဘော်၌ ပြုမည်ဟု အကြံရှိသည်အတိုင်း သူ၌ ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည်။
20. ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည်။
21. သင်၏မျက်စိသည် မသနားရ။ အသက် အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း ဒဏ်ပေးရမည်။