တ​ရား​ဟော 19:1-12 Judson Bible (BJB)

1. သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊

2. သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင်ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထားရမည်။

3. လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။

4. လူအသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာစေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊

5. လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဘော်ကို ထိသောကြောင့်၊ မိမိအဘော်သေအောင် ပြုမိသောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့သတ်မိသောသူသည်၊ ထိုမြို့တစုံတမြို့သို့ ပြေး၍ အသက်ချမ်းသာရလိမ့်မည်။

6. သို့မဟုတ် သေစားသေစေသောသူသည် စိတ်မာန်ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသောကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။

7. ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား၏။

8. ယနေ့ ငါမှာထားသမျှသော ဤပညတ်တော်တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင်၎င်း၊

9. သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အားပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှကို သင့်အား ပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေတော်မူလျှင်၎င်း၊

10. သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အသေမခံထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သောအပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။

11. တနည်းကား၊ မိမိအဘော်ကိုရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊

12. သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကို စေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏ လက်၌ အပ်လိုက်ရကြမည်။

တ​ရား​ဟော 19