တ​ရား​ဟော 18:9-20 Judson Bible (BJB)

9. သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သို့ သင်သည် ဝင်စားသောအခါ၊ ထိုပြည်၌နေသော လူမျိုးတို့ပြုတတ်သော စက်ဆုပ်ရွံရှာဘွယ်အမှု တို့ကို ပြုခြင်းငှာ မသင်ရ။

10. သင်တို့တွင် မိမိသားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်နှင့် ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည့်သောသူ၊ မကောင်းသော အတတ်ကို ပြုစုသောသူ၊

11. ပြုစားတတ်သောသူ၊ နတ်ဆိုးနှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစုံတယောက်မျှ မရှိရ။

12. ထိုသို့ ပြုတတ်သောသူ အပေါင်းတို့ကို ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။ ထိုစက်ဆုပ်ရွံရှာဘွယ်သော အမှုများတို့ကြောင့် သင်၏ ဘုရားသခင် ထာဝရ ဘုရားသည် ထိုလူမျိုးတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။

13. သင်သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်။

14. သင်အစိုးရအံ့သော လူမျိုးတို့သည်၊ ကာလဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ်ဥာဏ်အားဖြင့် ဟောပြောသောသူတို့ စကားကို နား ထောင်တတ်ကြ၏။ သင်မူကား ထိုသို့ ပြုရအောင် သင်၏ ဘုရားသခင် ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။

15. သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏အမျိုးသားချင်းတို့အထဲ၌ ငါနှင့်တူသော ပရောဖက်တပါးကို သင့်အဘို့ ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်၏ စကားကို နားထောင်ရမည်။

16. ဟောရပ်အရပ်တွင် စည်းဝေးကြသောနေ့၌ သင်က၊ နောက်တဖန် အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား၏ စကားတော်အသံကို မကြားရပါစေနှင့်။ ထိုကြီးစွာသောမီးကို မမြင်ရပါစေနှင့်။ အကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ တောင်းပန်သမျှအတိုင်း၊

17. ထာဝရဘုရားက၊ သူတို့ စကားသည် လျောက်ပတ်ပေ၏။

18. သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသော ပရောဖက်တပါးကို သူတို့အဘို့ ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။

19. ထိုပရောဖက်သည် ငါ့အခွင့်နှင့် ဟောပြောသော ငါ့စကားတို့ကို အကြင်သူသည် နားမထောင်ဘဲ နေအံ့၊ ထိုသူကို ငါစစ်ကြောမည်။

20. ငါမမှာထားဘဲ ငါ့အခွင့်ကိုဆောင်၍ ရဲရင့်စွာ ဟောပြောသော ပရောဖက်၊ အခြားတပါးသော ဘုရားအခွင့်နှင့် ဟောပြောသော ပရောဖက်သည် အသေသတ် ခြင်းကို ခံရမည်ဟု ငါ့အား မိန့်တော်မူ၏။

တ​ရား​ဟော 18