တ​ရား​ဟော 16:4-17 Judson Bible (BJB)

4. ခုနစ်ရက်ပတ်လုံး၊ သင့်နေရာပြည်၌ တဆေးပါ သောမုန့်မရှိရ။ ပဌမနေ့ညဦးယံ၌ ပူဇော်သောယဇ်၏အသားကို တညဉ့်လုံး နံနက်တိုင်အောင် မကျန်ကြွင်းစေရ။

5. သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော မြို့အရပ်ရပ်တို့တွင် ပသခါ ယဇ်ကို ပူဇော်ရသော အခွင့်ရှိသည်မဟုတ်။

6. သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ နာမတော်ကို တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်သည် အဲဂုတ္တုပြည်မှ ထွက်လာသောအချိန်၊ နေဝင်ရာညဦးယံအချိန်၌ ပသခါယဇ်ကို ပူဇော်ရမည်။

7. သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်မှာ မီးနှင့်ကင်၍စားပြီးမှ၊ နံနက်အချိန်၌ အိမ်သို့ ပြန်သွားရမည်။

8. ခြောက်ရက်ပတ်လုံး တဆေးမဲ့မုန့်ကို စားရမည်။ သတ္တမနေ့၌ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။

9. စပါးကိုရိတ်စကာလနောက်၊ အရေအတွက်အားဖြင့် ခုနစ်သိတင်းလွန်မှ၊

10. သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်တိုင်မှစ၍ သင်၏ဘုရားသခင်ထာဝရဘုရား ကောင်းကြီးပေးတော်မူသည်အတိုင်း၊ အလိုလိုပြုသောပူဇော်သက္ကာကို ဆောင်ခဲ့ရမည်။

11. သင်၏ဘုရားသခင် ထာဝရဘုရားသည် နာမတော်တည်စေဘို့ရာ ရွေးကောက်တော်မူသော အရပ်တွင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ ခုနစ် သိတင်းပွဲကိုခံ၍ သားသမီး၊ ကျွန်ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသော လေဝိသား၊ ဧည့်သည်အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။

12. သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို အောက်မေ့၍၊ ဤပညတ်တရားတို့ကို ကျင့်စောင့်ရမည်။

13. စပါးနှင့် စပျစ်ရည်ကို သိမ်းယူပြီးမှ၊ ခုနစ်ရက်ပတ်လုံး သကေနေပွဲကို ခံရကြမည်။

14. ထိုပွဲခံစဉ်၊ ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန် ယောက်ျား မိန်းမ၊ သင့်နေရာ၌ တည်းခိုသောလေဝိသား၊ ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူ၊ မုတ်ဆိုးမတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။

15. ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌၊ ခုနစ်ရက်ပတ်လုံး သင်၏ဘုရားသခင် ထာဝရဘုရားအဘို့၊ ဓမ္မပွဲကိုခံရမည်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည်၊ တိုးပွားလေရာရာ၊ သင်လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူသောကြောင့်၊ အမှန်ရွှင်လန်းခြင်းကို ပြုရမည်။

16. အဇုမပွဲခံချိန်၊ ခုနှစ်သိတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တနှစ်တွင် သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသော အရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံတော်သို့ အဘယ်သူမျှလက်ချည်း မပေါ်မလာရ။

17. သင်၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီးပေးတော်မူသဖြင့်၊ လူအသီးသီးတို့သည် တတ်နိုင်သည်အတိုင်း ဆက်ရကြမည်။

တ​ရား​ဟော 16