တ​ရား​ဟော 13:1-12 Judson Bible (BJB)

1. သင်တို့တွင် ပရောဖက်ပြုသောသူ၊ အိပ်မက်ကို မြင်သောသူသည် ပေါ်လာ၍၊

2. သင်တို့မသိသော အခြားတပါးသောဘုရားကို ဆည်းကပ်၍ ဝတ်ပြုကြစို့ဟု ပြောဆိုလျက်၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုကိုပေး၍၊ ထိုနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုသည် ပြည့်စုံသော်လည်း၊

3. ထိုပရောဖက်ပြုသောသူ၊ အိပ်မက်ကိုမြင်သော သူတို့၏ စကားကို နားမထောင်ရ။ အကြောင်းမူကား၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ချစ်သည်မချစ်သည်ကို၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် စုံစမ်းတော်မူ၏။

4. သင်တို့၏ ဘုရားသခင်ထာဝရဘုရားနောက်တော်သို့ လိုက်ရကြမည်။ ကြောက်ရွံ့သောစိတ်နှင့် ပညတ်တော်တို့ကို စောင့်ရကြမည်။ စကားတော်ကို နားထောင်လျက် ဝတ်ပြု၍၊ ကိုယ်တော်၌ ဆည်းကပ်မှီဝဲရကြမည်။

5. ကျွန်ခံနေရာအဲဂုတ္တပြည်မှ သင်တို့ကို ကယ်နှုတ် ဆောင်ယူခဲ့တော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရားထံတော်မှလွဲစေခြင်းငှာ၎င်း၊ သင်တို့၏ဘုရား သခင် ထာဝရဘုရားသည်၊ သင်တို့လိုက်စရာဘို့ မှာထားတော်မူသောလမ်းမှ ထွက်စေခြင်းငှာ၎င်း ဟောပြောသောကြောင့်၊ ထိုပရောဖက်ပြုသူနှင့် အိပ်မက်မြင်သူ တို့သည် အသေသတ်ခြင်းကို ခံရကြမည်။ ထိုသို့ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ပယ်ရှင်းရကြမည်။

6. သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌နေသောမယား၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေးတို့လည်းမသိသော အခြားတပါးသောဘုရား၊

7. သင့်ပတ်လည်အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်းတဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ်သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေး ဆောင်လျှင်၊

8. သင်သည် ဝန်မခံရ။ သူ၏စကားကို နားမထောင်ရ။ သူ့ကို မြင်သောအခါ မသနားရ။ နှမြောသဖြင့် ဖွက်၍မထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။

9. သူသည် အသေသတ်ခြင်းကိုခံစိမ့်သောငှာ၊ သင်သည် အဦးပြုပြီးမှ၊ လူအပေါင်းတို့သည် ပြုရကြမည်။

10. ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို နှုတ်ဆောင်တော်မူသော သင်၏ဘုရားသခင် ထာဝရဘုရားထံတော်မှ လွဲစေခြင်းငှာ ကြံစည်သောကြောင့်၊ ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။

11. ထိုသိတင်းကို ဣသရေလအမျိုးသားအပေါင်းတို့သည် ကြား၍၊ ထိုသို့သော အဓမ္မအမှုကို သင်တို့တွင် နောက်တဖန်မပြုဝံ့ဘဲ နေကြလိမ့်မည်။

12. အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊

တ​ရား​ဟော 13