တ​ရား​ဟော 12:16-32 Judson Bible (BJB)

16. သို့ရာတွင်အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။

17. စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တွင် ပူဇော်သောတဘို့၊ သိုးနွားတွင် အဦးဘွားသောသားငယ်၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ ချီမြှောက်ရာပူဇော်သက္ကာ တစုံတခုကိုမျှ၊ သင်တို့သည် ကိုယ်နေရာအရပ်၌ မစားရကြ။

18. သင်တို့၏ဘုရားသခင် ထာဝရဘုရားရွေးကောက်တော်မူသောအရပ်၌၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့မှာ ကိုယ်တိုင်မှစ၍သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တည်းခိုသောလေဝိသားတို့သည် စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ရွှင်လန်းခြင်းကိုပြုရကြမည်။

19. မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး၊ လေဝိသားတို့ကို မမေ့လျော့မည်အကြောင်း သတိပြုကြလော့။

20. သင်၏ဘုရားသခင်ထာဝရဘုရားသည် ဂတိတော်ရှိသည်အတိုင်း၊ သင်၏နေရာ ပြည်ကို ကျယ်စေတော်မူသောအခါ၊ သင်သည် အမဲသားကိုစားချင်သောစိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်းစားရသောအခွင့်ရှိ၏။

21. သင်၏ဘုရားသခင်ထာဝရဘုရားသည် နာမတော်ကိုတည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်သည် သင့်နေရာနှင့် ဝေးလွန်းလျှင်၊ ထာဝရဘုရားပေး တော်မူသောသိုးနွားကို၊ ငါမှာထားသည်အတိုင်းသတ်၍၊ သင့်နေရာအရပ်၌ စားချင်တိုင်းစားရသောအခွင့်ရှိ၏။

22. သမင်၊ ဒရယ်ကိုစားသကဲ့သို့ စားရမည်။ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် ရောနှော၍စားရသောအခွင့်ရှိကြ၏။

23. သို့ရာတွင်၊ အသွေးကိုမစားမည်အကြောင်း၊ သတိပြုလော့။ အသက်သည် အသွေး၌တည်၏။ အသားနှင့်တကွ အသက်ကိုမစားရ။

24. ထို့ကြောင့် အသွေးကိုမစားရ။ ရေကိုသွန်သကဲ့သို့ မြေပေါ်မှာသွန်ရမည်။

25. သင်သည် ထာဝရဘုရားနှစ်သက်တော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးတို့သည် ချမ်းသာစွာနေရမည်အကြောင်း၊ အသွေးကို ရှောင်ရမည်။

26. သင်၌ သန့်ရှင်းသောပူဇော်သက္ကာ၊ သစ္စာဂတိအတိုင်းပြုသော ပူဇော်သက္ကာတို့ကိုယူ၍၊ ထာဝရဘုရားရွေးကောက်တော်မူသောအရပ်သို့ သွားရမည်။

27. အသားနှင့် အသွေးကိုရောနှော၍၊ မီးရှို့ရာယဇ်တို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။ ယဇ်ကောင်အသွေးကို၊ သင်၏ ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ သွန်းလောင်း၍၊ အသားကိုစားရမည်။

28. သင်၏ဘုရားသခင် ထာဝရဘုရားနှစ်သက်မြတ်နိုးတော်မူဘွယ်သောအမှုကို ပြုသဖြင့်၊ ကိုယ်တိုင်မှစ၍ သားမြေးအစဉ်အဆက်တို့သည် ချမ်းသာစွာ နေရမည်အကြောင်း၊ ငါမှာထားသမျှသော ဤစကားတို့ကို စေ့စေ့နားထောင်၍ စောင့်ရှောက်လော့။

29. သင်သွား၍ ဝင်စားလတံ့သောပြည်၌ရှိသောလူမျိုးတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ရှေ့မှာပယ်ရှင်းတော်မူသဖြင့်၊ သူတို့နေရာပြည်၌ သင်သည် ဝင်၍နေသောအခါ၊

30. သူတို့သည် သင့်ရှေ့မှာပျက်စီးသောနောက်၊ သူတို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ်မရောက်မည်အကြောင်း၊ ထိုလူမျိုးတို့သည် သူတို့ဘုရားများကို အဘယ်သို့ ဝတ်ပြုသနည်း။ ထိုနည်းတူငါပြုမည်ဟု သူတို့ဘုရားဝတ်ကို မမေးမြန်းမည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုလော့။

31. သူတို့ပြုသကဲ့သို့၊ သင်၏ဘုရားသခင် ထာဝရဘုရားအားသင်မပြုရ။ သူတို့သည်၊ ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူသမျှတို့ကို သူတို့ဘုရား၌ ပြုကြပြီ။ ကိုယ်သားသမီးကိုပင် သူတို့ဘုရားအားဝတ်ပြု၍ မီးရှို့ကြပြီ။

32. ငါမှာထားသမျှတို့ကိုကျင့်အံ့သောငှာ စောင့်ရှောက်လော့။ ထပ်၍မပိုရ၊ နှုတ်၍ မလျော့စေရ။

တ​ရား​ဟော 12