1. သင်တို့သည် မြေကြီးပေါ်မှာ အသက်ရှင်သမျှသောကာလပတ်လုံး ဝင်စားစေခြင်းငှာ သင်တို့ဘိုးဘေးကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်၌ ကျင့်အံ့သောငှာ စောင့်ရှောက်ရသော စီရင်ထုံးဖွဲ့ချက်များဟူမူကား၊
2. သင်တို့ အစိုးရသောလူမျိုးတို့သည် တောင်ကြီး၊ တောင်ငယ်အပေါ်၊ စိမ်းသော သစ်ပင်အောက်၌ မိမိတို့ဘုရားများကို ဝတ်ပြုရာအရပ်ရှိသမျှတို့ကို ရှင်းရှင်း ဖျက်ဆီးရမည်။
3. သူတို့ယဇ်ပလ္လင်များကိုလည်း ဖျက်ရမည်။ ရုပ်တုများကို ဖြိုချရမည်။ အာရှရပင်များကိုမီးရှို့ရမည်။ ထုလုပ်သောဘုရားဆင်းတုများကို ခုတ်လှဲရမည်။ ထိုအရပ်၌ ထိုဘုရားတို့၏နာမကိုပင် ပယ်ရှင်းရမည်။
4. သူတို့ပြုသကဲ့သို့၊ သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားအား မပြုရဘဲ၊
5. သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးအနွယ်ရှိသမျှတို့တွင် နာမတော်ကိုတည်စေဘို့ရာ ရွေးကောက်တော်မူသောအရပ်တည်းဟူသော ကျိန်းဝပ်တော်မူရာအရပ်ကို ရှာ၍လာရကြမည်။
6. ထိုအရပ်သို့ သင်တို့သည် မီးရှို့ရာယဇ်အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ ပူဇော်သက္ကာချီမြှောက်ရာပူဇော်သက္ကာ၊ သစာဂတိနှင့် ဆိုင်သောပူဇော်သက္ကာ၊ အလိုလိုပြုသောပူဇော်သက္ကာမှစ၍၊ သိုးနွားတွင် အဦးဘွားသောသားငယ်တို့ကို ဆောင်ခဲ့ရကြမည်။
7. ထိုအရပ်၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌စားရကြမည်။ ပြုလေရာရာ၌ သင်တို့၏ဘုရားသခင် ထာဝရဘုရားကောင်းကြီးပေးတော်မူသဖြင့်၊ ကိုယ်တိုင်မှစ၍ အိမ်သူအိမ်သားတို့သည် ရွှင်လန်းခြင်းကို ပြုရကြမည်။
8. ယခုကာလ၊ ဤအရပ်၌ပြုသကဲ့သို့၊ ထိုအရပ်၌ လူတိုင်းကိုယ်ဥာဏ်ကိုလိုက်၍ မပြုရကြ။
9. သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော အမွေခံရာချမ်းသာထဲသို့ သင်တို့သည် မဝင်ရကြသေး။
10. သင်တို့သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ သင်တို့အမွေခံရာဘို့ သင်တို့၏ ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည်၌နေကြသောအခါ၊ ရန်သူအပေါင်းတို့လက်မှ သင်တို့ကိုကယ်နှုတ်တော်မူသဖြင့် ငြိမ်ဝပ်စွာ နေကြသောအခါ၊
11. နာမတော်ကိုတည်စေဘို့ရာ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ် ရှိရမည်။ ထိုအရပ်သို့ငါမှာထားသမျှအတိုင်း၊ သင်တို့မီးရှို့ရာယဇ် အစရှိသောယဇ်များ၊ ဆယ်ဘို့တဘို့ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော်သက္ကာ၊ ထာဝရဘုရားအားဂတိရှိသည်အတိုင်း၊ မြတ်သောပူဇော်သက္ကာတို့ကို ဆောင်ခဲ့ရကြမည်။
12. ကိုယ်တိုင်မှစ၍၊ သားသမီး၊ ကျွန်ယောက်ျား မိန်းမတို့နှင့် ကိုယ်အဘို့မရှိ၊ အမွေမခံရဘဲ၊ သင်တို့၌တည်းခိုသောလေဝိသားတို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းခြင်းကိုပြုရကြမည်။
13. တွေ့မြင်ရာအရပ်၌ မီးရှို့ရာယဇ်ကို မပူဇော်ရမည်အကြောင်း သတိပြုကြလော့။
14. သင်တို့အမျိုးတမျိုးတွင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ မီးရှို့ရာယဇ်ကိုပူဇော်၍၊ ငါမှာထားသမျှတို့ကို ပြုရကြမည်။
15. သို့ရာတွင် သင်၏ဘုရားသခင် ထာဝရဘုရားကောင်းကြီးပေးတော်မူ သည်အတိုင်း၊ သင်တို့နေရာအရပ်ရပ်၌ စားချင်သောအလိုသို့လိုက်၍ သတ်စားရ သောအခွင့်ရှိကြ၏။ သမင်၊ ဒရယ်ကိုစားသကဲ့သို့၊ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့သည် အတူစားရကြမည်။