4. အဲဂုတ္တုစစ်သူရဲအလုံးအရင်းတည်းဟူသော မြင်းစီးသူရဲ၊ ရထားစီးသူရဲတို့အား ပြုတော်မူသောအမှုကို၎င်း၊ သင်တို့ကိုလိုက်သောသူတို့ကို ဧဒုံပင်လယ်ရေ လွှမ်းမိုးစေ၍၊ ယနေ့တိုင်အောင် ဖျက်ဆီးတော်မူကြောင်းကို၎င်း၊
5. ဤအရပ်သို့မရောက်မှီ၊ တော၌လှည့်လည်စဉ်တွင် သင်တို့အား ပြုတော်မူသော အမှုကို၎င်း၊
6. ရုဗင်အမျိုး၊ ဧလျာဘသားဒါသန်နှင့် အဘိရံတို့အားပြုတော်မူသောအမှုကို၎င်း၊ မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့နှင့် အိမ်သူအိမ်သားများ၊ တဲများ၊ သူတို့၌ ရတတ်သမျှသောဥစ္စာပစ္စည်းများကို၊ ဣသရေလအမျိုးသားတို့အလယ်၌၊ မျိုကြောင်းကို၎င်း မသိမမြင်သော သင်တို့၏သားသမီးတို့အားငါမပြော၊ သင်တို့ကိုယ် တိုင် သိမှတ်ကြလော့။
7. ထာဝရဘုရားပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သင်တို့သည် ကိုယ်တိုင်မြင်ကြပြီ။
8. ထို့ကြောင့်၊ သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်ကို ကြီးစွာသောခွန်အားနှင့် ဝင်စားမည်အကြောင်း၊
9. ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အား ပေးခြင်းငှာကျိန်ဆိုတော်မူသောပြည်၊ နို့နှင့် ပျားရည်စီးသောပြည်၌ သင်တို့အသက် တာရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသောပညတ်တို့ကို စောင့်ရှောက်ရကြမည်။
10. သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည်ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်းရသောပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
11. သင်တို့သွား၍ ဝင်စားလတံ့သောပြည်သည်တောင်များ၊ ချိုင့်များနှင့် ပြည့်စုံ၍ မိုဃ်းရေကိုသောက်သောပြည်၊
12. သင်တို့၏ဘုရားသခင် ထာဝရဘုရားပြုစု၍ တနှစ်ပတ်လုံး ကြည့်ရှုတော်မူသောပြည်ဖြစ်၏။
13. သင်တို့ဘုရားသခင် ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကို ဆောင်ရွက်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသောပညတ်တို့ကို စေ့စေ့နားထောင်လျှင်၊
14. သင်တို့သည် စပါး၊ စပျစ်ရည်၊ ဆီတို့ကိုစုသိမ်းစေခြင်းငှာ အရင်မိုဃ်း၊ နောက်မိုဃ်းတည်းဟူသော သင်တို့ပြည်နှင့်ဆိုင်သောမိုဃ်းရေကို ငါပေးမည်။
15. သင်တို့သည်ဝစွာစားရမည်အကြောင်း၊ သင်တို့တိရစ္ဆာန်များအဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေမည်။
16. သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍လမ်းမလွဲ၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြ လော့။