တ​ရား​ဟော 11:22-32 Judson Bible (BJB)

22. သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကိုချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ်တော်၌ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှ သော ဤပညတ်တို့ကိုကျင့်အံ့သောငှာ သတိနှင့် စောင့်ရှောက်လျှင်၊

23. ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည်ကိုယ်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို အစိုးရကြလိမ့်မည်။

24. သင်တို့သည် ခြေနှင့် နင်းသမျှသောအရပ်ကိုပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏နိုင်ငံအဝင်ဖြစ်လိမ့်မည်။

25. သင်တို့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်အောင်၊ သင်တို့နင်းသောမြေအရပ်၌ ရှိသောသူအပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်မည်အကြောင်း၊ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။

26. ယနေ့ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသောဤနှစ်ပါးကို သင်တို့ရှေ့မှာငါထား၏။

27. ယနေ့ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားထောင်လျှင်မူကား၊ ကောင်းကြီးပေးခြင်း၊

28. သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန်ခြင်းကိုငါထား၏။

29. သင်တို့သည်သွား၍ ဝင်စားလတံ့သောပြည်သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းကြီးမင်္ဂလာကို ဂေရဇိမ် တောင်ပေါ်၌၎င်း၊ ကျိန်ခြင်းကိုဧဗလတောင်ပေါ်၌၎င်း တင်ထားရကြမည်။

30. ထိုတောင်တို့သည်ယော်ဒန်မြစ်အနောက်၊ နေဝင်ရာဘက်မှာ ခါနနိလူတို့နေရာ အရပ်တည်းဟူသော၊ မောရေသပိတ်တောအနား၊ ဂိလဂါလမြို့နှင့် ဆိုင်သော လွင်ပြင်၌ရှိသည်မဟုတ်လော။

31. သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို ဝင်စားခြင်းငှာ၊ ယော်ဒန်မြစ်တဘက်သို့ကူးသွား၍၊ ထိုပြည်ကို ဝင်စားလျက်နေရကြမည်။

32. ယနေ့ ငါထားသမျှသောစီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်အံ့သောငှာ စောင့်ရှောက်ရကြမည်။

တ​ရား​ဟော 11