တ​ရား​ဟော 11:15-28 Judson Bible (BJB)

15. သင်တို့သည်ဝစွာစားရမည်အကြောင်း၊ သင်တို့တိရစ္ဆာန်များအဘို့ လွင်ပြင်၌ မြက်ပင်ကို ငါပေါက်စေမည်။

16. သင်တို့သည် မိစ္ဆာဒိဌိအယူကိုစွဲ၍လမ်းမလွဲ၊ အခြားတပါးသောဘုရားတို့ကို ဝတ်ပြု၊ ကိုးကွယ်ခြင်းနှင့် ကင်းလွှတ်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြုကြ လော့။

17. သို့မဟုတ် ထာဝရဘုရားသည် အမျက်တော်ထွက်၍ မိုဃ်းမရွာ၊ မြေ၏အသီးအနှံကို မဖြစ်စေခြင်းငှာ၊ မိုဃ်းကောင်းကင်ကို ပိတ်တော်မူမည်။ ထာဝရဘုရားပေးတော်မူသော ကောင်းမွန်သောပြည်၌ သင်တို့သည် အလျင်အမြန် ပျောက်ပျက်ကြလိမ့်မည်။

18. သို့ဖြစ်၍ ငါဟောပြောသောဤစကားကို စိတ်နှလုံး၌သွင်းထား၍၊ လက်၌ လက္ခဏာသက်သေဘို့ရာ၎င်း၊ မျက်စိကြားမှာ သင်းကျစ်ကဲ့သို့၎င်း ချည်ထားရကြမည်။

19. ထိုစကားကို သင်တို့သည် အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိသည်ဖြစ်စေဟောပြော၍၊ သားသမီးတို့အားသွန်သင်ရကြမည်။

20. အိမ်တံခါးမြို့တံခါး၌လည်း ရေးထားရကြမည်။

21. သို့ပြုလျှင် ထာဝရဘုရားသည် ဘိုးဘေးတို့အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၌ သင်တို့အသက်၊ သားသမီးများအသက်တာသည်၊ ကောင်းကင်၌ အသက်တာရှည်သကဲ့သို့၊ မြေကြီးပေါ်မှာ တာရှည်ရလိမ့်မည်။

22. သင်တို့သည် သင်တို့၏ဘုရားသခင် ထာဝရဘုရားကိုချစ်သောစိတ်နှင့် လမ်းတော်သို့လိုက်၍၊ ကိုယ်တော်၌ဆည်းကပ်မှီဝဲမည်အကြောင်း၊ ငါမှာထားသမျှ သော ဤပညတ်တို့ကိုကျင့်အံ့သောငှာ သတိနှင့် စောင့်ရှောက်လျှင်၊

23. ထာဝရဘုရားသည် ဤလူမျိုးခပ်သိမ်းတို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူသဖြင့်၊ သင်တို့သည်ကိုယ်ထက်အားကြီး၍ များပြားသောလူမျိုးတို့ကို အစိုးရကြလိမ့်မည်။

24. သင်တို့သည် ခြေနှင့် နင်းသမျှသောအရပ်ကိုပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင်တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် သင်တို့၏နိုင်ငံအဝင်ဖြစ်လိမ့်မည်။

25. သင်တို့ရှေ့မှာ အဘယ်သူမျှမရပ်မနေနိုင်အောင်၊ သင်တို့နင်းသောမြေအရပ်၌ ရှိသောသူအပေါင်းတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်မည်အကြောင်း၊ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားသည်၊ ဂတိတော်ရှိသည်အတိုင်း ပြုတော်မူမည်။

26. ယနေ့ကောင်းကြီးပေးခြင်းနှင့် ကျိန်ခြင်းတည်းဟူသောဤနှစ်ပါးကို သင်တို့ရှေ့မှာငါထား၏။

27. ယနေ့ငါဆင့်ဆိုသော သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားထောင်လျှင်မူကား၊ ကောင်းကြီးပေးခြင်း၊

28. သင်တို့ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်တို့ကို နားမထောင်၊ ယနေ့ ငါမှာထားသောလမ်းမှ လွှဲရှောင်၍၊ မသိဘူးသော အခြားတပါးသောဘုရားကို မှီဝဲဆည်းကပ်လျှင်မူကား ကျိန်ခြင်းကိုငါထား၏။

တ​ရား​ဟော 11