24. ထိုသူတို့သည် တောင်ပေါ်သို့လှည့်သွား၍၊ ဧရှကောလချိုင့်သို့ရောက်သဖြင့် စူးစမ်းကြ၏။
25. ထိုပြည်၌ရသော သစ်သီးကိုထမ်း၍ဆောင်ခဲ့လျက်၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သည် ကောင်းသောပြည်ဖြစ်၏ဟု ကြားပြော ကြသော်လည်း၊
26. သင်တို့သည်မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို ဆန်လျက်၊
27. ထာဝရဘုရားသည် ငါတို့ကိုမုန်း၍ဖျက်ဆီးချင်သောကြောင့်၊ အာမောရိလူတို့ လက်၌အပ်လိုသောငှါ၊ အဲဂုတ္တုပြည်မှနှုတ်ဆောင်တော်မူသည်တကား။
28. ငါတို့သည် အဘယ်သို့သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ကြီး၏။ အရပ်လည်းသာ၍မြင့်၏။ မြို့လည်း မိုဃ်းကောင်းကင်သို့ထိသော မြို့ရိုးလည်းရှိ၏။ ထိုပြည်၌လည်း၊ အာနကအမျိုးသားတို့ကိုမြင်ရ၏ဟု ငါတို့စိတ်ကိုဖျက်ကြပြီဟု သင်တို့သည် တဲများ၌ဆန့်ကျင်ဘက်ပြုကြ၏။
29. ထိုအခါငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကိုမကြောက်ကြနှင့်။
30. သင်တို့ရှေ့မှာကြွတော်မူသော သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌၎င်း၊
31. သင်တို့လိုက်လာသောလမ်းတလျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည် သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ကို ချီပိုက်တော်မူသော ကျေးဇူးတော်ကိုခံရာတော၌၎င်း၊ သင်တို့အဘို့ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်ဟု ဆိုသော်လည်း၊
32. သင်တို့တဲစားခန်းချရာအရပ်ကိုရှာ၍ သင်တို့သွားလတံ့သောလမ်းကို ပြခြင်းငှါ၊ ညဉ့်ခါမီး၌၎င်း၊ နေ့အခါမိုဃ်းတိမ်၌၎င်း၊
33. သင်တို့ရှေ့မှာကြွတော်မူသော သင်တို့ဘုရားသခင်ထာဝရဘုရား၏ စကားတော်ကို ထိုအမှု၌သင်တို့မယုံကြပါတကား။
34. သင်တို့စကားသံကို ထာဝရဘုရားကြား၍မျက်တော်ထွက်လျက်၊
35. သူတို့ဘိုးဘေးတို့အားငါပေးမည်ဟု ငါကျိန်ဆိုသောပြည်ကောင်းကို၊ ယေဖုန္နာ၏သားကာလက်မှတပါး၊ ဤဆိုးသောလူမျိုးတစုံတယောက်မျှ ဆက်ဆက်မမြင်ရ။
36. ထိုသူသည် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍သူ၏သားမြေးတို့အားငါပေးမည်ဟု ကျိန်ဆိုတော်မူ၏။
37. သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်းအမျက်တော်ထွက်၍၊ သင်သည်ထိုပြည်သို့မဝင်စားရ။
38. သင့်လက်ထောက် နုန်၏သားယောရှုသည်ဝင်စားရမည်။ သူသည် ဣသရေလအမျိုးသား အမွေခံစေမည့်သူဖြစ်သောကြောင့်၊ သူ့ကိုအားပေးလော့။
39. ရန်သူလုယူရာဖြစ်မည်ဟု သင်တို့ဆိုသောသူငယ်များ၊ ထိုအခါ ကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော သားသမီးများတို့သည် ထိုပြည်ကို ဝင်စား၍၊ ငါပေးသည်အတိုင်းသိမ်းယူကြလိမ့်မည်။
40. သင်တို့မူကား၊ လှည့်၍ဧဒုံပင်လယ်လမ်းဖြင့် တောသို့ခရီးသွားကြဦးလော့ဟု မိန့်တော်မူ၏။
41. သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကိုပြစ်မှားမိပါပြီ။ အကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသမျှအတိုင်း၊ ယခုသွား၍ စစ်တိုက်ပါမည်ဟု ငါ့အားလျှောက်ဆိုလျက်၊ လူအပေါင်းတို့သည် လက်နက်စွဲကိုင်လျက်၊ တောင်ပေါ်သို့တက်ခြင်းငှါ အသင့်နေကြ၏။
42. ထာဝရဘုရားကလည်း၊ တက်၍မတိုက်ကြနှင့်။ သင်တို့ဘက်၌ငါမရှိ။ တိုက်လျှင် ရန်သူရှေ့မှာရှုံးရကြလိမ့်မည်ဟု သင်တို့အားဆင့်ဆိုရမည်အကြောင်း၊ ငါ့အားမိန့်တော်မူသည်အတိုင်း၊