8. ဆီရောသောမုန့်ညက်တည်းဟူသော ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသောနွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်ကိုယူပြီးလျှင်၊
9. လေဝိသားတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကိုစည်းဝေးစေပြီးမှ၊
10. လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသားတို့သည် လက်ကိုတင်သဖြင့်၊
11. သူတို့သည် ထာဝရဘုရား၏အမှုတော်ကို ထမ်းစေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော်သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအားဆက်ရမည်။
12. လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိတို့လက်ကိုတင်၍၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလိုသောငှါ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ်၊ တကောင်ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်ရကြမည်။
13. လေဝိသားတို့ကို၊ အာရုန်နှင့် သူ၏သားတို့ရှေ့မှာထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။
14. ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့နှင့် တခြားစီခွဲထား၍၊ သူတို့သည်အထူးသဖြင့် ငါ့လူဖြစ်ရကြလိမ့်မည်။
15. ထိုနောက်မှလေဝိသားတို့သည်၊ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြလိမ့်မည်။ သူတို့ကိုစင်ကြယ်စေ၍ ပူဇော်သက္ကာ၊ ပြုရ သောအကြောင်းဟူမူကား၊
16. ဣသရေလအမျိုးထဲက သူတို့ကိုရွေးကောက်၍၊ ငါ့အားအပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦးဘွားမြင်သောသားဦးများအတွက် သူတို့ကိုငါသိမ်းယူ၏။
17. အဲဂုတ္တုပြည်၌သားဦးအပေါင်းတို့ကို ငါသည်ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူးသဖြင့် ငါပိုင်ရမည်။
18. တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့အတွက်၊ လေဝိသားတို့ကို ငါယူ၏။
19. သူတို့သည်လည်း ပရိသတ်စည်းဝေးရာတဲတော်၌၊ ဣသရေလအမျိုးသားဆောင်ရွက်ရသောအမှုကို ဆောင်ရွက်စေခြင်းငှါ၎င်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာ၎င်း၊ ဣသရေလအမျိုးထဲက လေဝိသားတို့ကို အာရုန်နှင့် သူ၏သားတို့အားစွန့်ကြဲပေးကမ်း သည်ဟု၊
20. လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန်အစရှိသော ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည် လေဝိသားတို့ကို ပြုကြလျှင်၊
21. သူတို့သည်စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရဘုရားအားဆက်ကပ်၍ သူတို့အဘို့ အပြစ်ဖြေခြင်းကိုပြုသဖြင့် စင်ကြယ်စေလေ၏။
22. ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့် သူ၏သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်ခြင်းငှါ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
23. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊