တော​လည် 6:2-17 Judson Bible (BJB)

2. ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ထာဝရဘုရားအဘို့ မိမိကိုခြားနားစေ၍ နာဇရိသစ္စာပြုခြင်းငှါ မိမိကို မိမိခွဲထားသောအခါ၊

3. စပျစ်ရည်နှင့် ယစ်မျိုးကိုရှောင်ရမည်။ စပျစ်ရည်ချဉ်နှင့် ယစ်မျိုးချဉ်ကိုလည်း မသောက်ရ။ စပျစ်သီးဖြင့်လုပ်သောအရည်ကို အလျှင်းမသောက်ရ။ စပျစ်သီး အစိမ်းအခြောက်ကိုလည်း မစားရ။

4. ခြားနားလျက်နေသောကာလပတ်လုံး စပျစ်သီးအဆန်၊ စပျစ်သီးအခွံမှစ၍ စပျစ်ပင်ကဖြစ်သမျှကို မစားရ။

5. ခြားနားခြင်းသစ္စာစောင့်သောကာလပတ်လုံး၊ ဦးဆံကိုမရိတ်ရ။ ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသော ကာလမစေ့မှီတိုင်အောင် သူသည် သန့်ရှင်းရသဖြင့်၊ မိမိဆံပင်ကို အလိုအလျောက်တိုးပွားစေရမည်။

6. ထာဝရဘုရားအဘို့ မိမိကိုခြားနားစေသောကာလပတ်လုံး၊ အသေကောင်ကို မချဉ်းမကပ်ရ။

7. သူ၏ဘုရားသခင်အဘို့ သူ၏ခေါင်းကို ခြားနားစေသောကြောင့်၊ မိဘ၊ ညီအစ်ကို၊ နှမသေသော်လည်း ညစ်ညူးခြင်းကိုမခံရ။

8. ခြားနားလျက်နေသောကာလပတ်လုံး၊ ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။

9. သူ့အနားမှာတစုံတယောက်သောသူသည် ချက်ခြင်းသေ၍၊ သူသည် ခြားနားစေသောခေါင်းကိုညစ်ညူးစေလျှင်၊ စင်ကြယ်စေသောနေ့တည်းဟူသော သတ္တမနေ့၌ ဦးဆံကိုရိတ်ရမည်။

10. အဌမနေ့၌ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့ ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။

11. ယဇ်ပုရောဟိတ်သည်လည်း၊ အပြစ်ဖြေရာယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကိုပူဇော်၍ ထိုသူ၌ အသေကောင်အားဖြင့်ရောက်သော အပြစ်ဖြေခြင်းကိုပြုပြီးမှ၊ ထိုနေ့ခြင်းတွင်သူ၏ခေါင်းကို သန့်ရှင်းစေရမည်။

12. အရင်ခြားနားစေသောကာလကို ထာဝရဘုရားအဘို့ တဖန်ခြားနားစေ၍ အခါမလည်သော သိုးသငယ်တကောင်ကို ဒုစရိုက်ဖြေရာယဇ်ပြု၍ ပူဇော်ရမည်။ အရင်ခြားနားခြင်းပျက်သောကြောင့် လွန်သောကာလပျောက်ရမည်။

13. ခြားနား၍နေသောကာလစေ့ပြီးမှ၊ နာဇရိလူစောင့်ရသောတရားဟူမူကား၊ သူသည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့သို့လာ၍၊

14. မီးရှို့ရာယဇ်ဘို့ အခါမလည်၊ အပြစ်မပါသော သိုးသငယ်အထီးတကောင် အပြစ်ဖြေရာယဇ်ဘို့ အခါမလည်အပြစ်မပါသော သိုးသငယ်အမတကောင် မိဿဟာယယဇ်ဘို့ အပြစ်မပါသောဆိတ်တကောင်၊

15. ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တတောင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာကို ထာဝရဘုရားအားဆက်ရမည်။

16. ထိုပူဇော်သက္ကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။

17. တဆေးမဲ့မုန့်တတောင်းနှင့်တကွ၊ မိဿဟာယယဇ်ဆိတ်ကို၎င်း ဘောဇဉ်ပူဇော်သက္ကာသွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ထာဝရဘုရားအားပူဇော်ရမည်။

တော​လည် 6