6. ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက်အမျိုးသားမှတပါး၊ အခြားသူနှင့် စုံဘက်ခြင်းကိုမပြုစေနှင့်။
7. ဣသရေလအမျိုးသားတို့၏အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ ေနရကြမည်။
8. ဣသရေလအမျိုးတစုံတမျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစားရကြမည်။
9. အမွေမြေသည် တမျိုးမှတမျိုးသို့မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေကြရမည်ဟု မိန့်တော်မူ၏။
10. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီးမလာ၊
11. တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည်ပြု၍၊ ဘကြီးသား၊ ဘထွေးသားတို့နှင့် စုံဘက်ကြ၏။
12. ထိုသို့ယောသပ်တွင်မြင်သော မနာရှေသားအဆွေအမျိုး၌ စုံဘက်ခြင်းအမှုကို ပြု၍၊ သူတို့အမွေမြေသည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ၏။
13. ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအားဖြင့် ဣသရေလအမျိုးသားတို့အားထားတော်မူသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။ရှင်မောရှေစီရင်ရေးထားသော တောလည်ရာကျမ်းပြီး၏။