တော​လည် 36:4-11 Judson Bible (BJB)

4. ဣသရေလအမျိုးသားတို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက်အမွေမှ အစဉ်နှုတ်လျက်ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။

5. ထိုအခါ မောရှေသည် ထာဝရဘုရား၏အမိန့်တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေသည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။

6. ဇလောဖဒ်သမီးတို့၏အမှု၌ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက်အမျိုးသားမှတပါး၊ အခြားသူနှင့် စုံဘက်ခြင်းကိုမပြုစေနှင့်။

7. ဣသရေလအမျိုးသားတို့၏အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက်အမွေမြေ၌ ေနရကြမည်။

8. ဣသရေလအမျိုးတစုံတမျိုး၌ အမွေမြေရှိသောမိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစားရကြမည်။

9. အမွေမြေသည် တမျိုးမှတမျိုးသို့မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေမြေ၌နေကြရမည်ဟု မိန့်တော်မူ၏။

10. ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီးမလာ၊

11. တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည်ပြု၍၊ ဘကြီးသား၊ ဘထွေးသားတို့နှင့် စုံဘက်ကြ၏။

တော​လည် 36