18. လူအသက်ကိုသေစေခြင်းငှာ သစ်သားလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
19. သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
20. သူတပါးကို အငြိုးထား၍တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊
21. သေစေခြင်းငှါမုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက်သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေသောသူသည် တွေ့သောအခါသတ်ရမည်။
22. သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိသော်၎င်း၊
23. သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကိုမမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊
24. ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည်သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌တရားစီရင်၍၊
25. သတ်သောသူကို သေစားသေစေသောသူ၏လက်မှနှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ပြန်ပို့ရမည်။ ဓမ္မဆီလောင်းခြင်းကိုခံရသော ယဇ်ပုရောဟိတ်မင်းမသေမှီတိုင်အောင် ထိုမြို့၌နေရမည်။
26. လူအသက်ကိုသတ်မိသောသူသည်ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
27. သေစားသေစေသောသူသည် မြို့နယ်ပြင်မှာ ထိုသူကိုတွေ့၍သတ်လျှင်၊ လူအသက်ကိုသတ်သောအပြစ်မရှိ။
28. အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ်မင်းမသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာနေရမည်။ ယဇ်ပုရောဟိတ်မင်းသေသောနောက်မှ၊ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
29. ဤရွေ့ကား၊ သင်တို့သည်နေလေရာရာ၌ သားမြေးအစဉ်အဆက်စောင့်ရသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။
30. လူအသက်ကိုသတ်၍ လူသတ်ဖြစ်သောသူမည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေတယောက်တည်းသာရှိလျှင် မသတ်ရ။
31. အသေခံထိုက်သောလူသတ်၏ အသက်ဘိုးငွေကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။
32. မှီခိုရာမြို့သို့ပြေးသောသူသည်၊ ယဇ်ပုရောဟိတ်မင်းမသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍နေမည်အကြောင်း၊ အရွေးငွေကို မခံမယူရ။
33. ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။
34. ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသားတို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။