တော​လည် 33:37-55 Judson Bible (BJB)

37. ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စားခန်းချကြ၏။

38. ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှထွက်သောနောက်၊ သက္ကရာဇ်လေးဆယ်၊ ပဥ္စမလ ပဌမနေ့ရက်၌ ထာဝရဘုရားအမိန့်တော်ရှိသည်တိုင်း၊ ယဇ်ပုရောဟိတ်အာရုန်သည် ဟောရတောင်ပေါ်သို့တက်၍ အနိစ္စရောက်လေ၏။

39. အာရုန်သည်ဟောရတောင်ပေါ်မှာ အနိစ္စရောက်သောအခါ၊ အသက် တရာနှစ်ဆယ်သုံးနှစ်ရှိသတည်း။

40. ခါနာန်ပြည်တောင်ပိုင်း၌နေသော ခါနနိရှင်ဘုရင်အာရဒ်သည် ဣသရေလအမျိုးသားရောက်ကြောင်းကို ကြားလေ၏။

41. သူတို့သည်ဟောရတောင်မှပြောင်း၍၊ ဇာလမောနအရပ်၌ စားခန်းချကြ၏။

42. ဇာလမောနအရပ်မှပြောင်း၍ ပုနုန်အရပ်၌စားခန်းချကြ၏။

43. ပုနုန်အရပ်မှပြောင်း၍ ဩဗုတ်အရပ်၌ စားခန်းချကြ၏။

44. ဩဗုတ်အရပ်မှပြောင်း၍ ဣဇာဗာရိမ်အရပ်၌စားခန်းချကြ၏။

45. ဣဇာဗာရိမ်အရပ်မှပြောင်း၍ ဒိဗုန်ဂဒ်အရပ်၌စားခန်းချကြ၏။

46. ဒိဗုန်ဂဒ်အရပ်မှပြောင်း၍ အာလမုန်ဒိဗလသိမ်အရပ်၌ စားခန်းချကြ၏။

47. အာလမုန်ဒိဗလသိမ်အရပ်မှပြောင်း၍ နေဗောတောင်ရှေ့တွင် အာဗရိမ်တောင်ရိုး၌ စားခန်းချကြ၏။

48. အာဗရိမ်တောင်ရိုးမှပြောင်း၍ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စားခန်းချကြ၏။

49. ထိုသို့မောဘလွင်ပြင်၊ ယော်ဒန်မြစ်နားမှာ ဗက်ယေရှိမုတ်မြို့မှ အာဗေလရှိတ္တိမ်မြို့တိုင်အောင် စားခန်းချကြ၏။

50. မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်၍၊

51. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊

52. ထိုပြည်သူပြည်သားအပေါင်းတို့ကို နှင်ထုတ်ရကြမည်။ သူတို့ရေးသောအရုပ်၊ သွန်းသောရုပ်တုဆင်းတု ရှိသမျှတို့ကိုဖျက်ရကြမည်။ သူတို့လုပ်သောကုန်းရှိသမျှ တို့ကို ဖြိုချရကြမည်။

53. ထိုပြည်ကို သင်တို့အား ငါအပိုင်ပေးသောကြောင့်၊ ထိုပြည်သားတို့ကို နှင်ထုတ်၍ သင်တို့ကိုယ်တိုင်နေရကြမည်။

54. သင်တို့အဆွေအမျိုးတို့အားစာရေးတံချ၍ ထိုမြေကိုဝေရမည်။ လူများလျှင်များသောမြေ၊ လူနည်းလျှင် နည်းသောမြေကိုပေးရမည်။ အသီးအသီးတို့သည် စာရေးတံကျသည်အတိုင်း၊ ဘိုးဘအမျိုးအနွယ်အလိုက် အမွေခံရကြမည်။

55. သင်တို့သည် ထိုပြည်သူပြည်သားတို့ကို အကုန်အစင်မနှင်ထုတ်လျှင်၊ ကျန်ကြွင်းသောသူတို့သည် သင်တို့မျက်စိ၌အပ်ဖျားကဲ့သို့၎င်း၊ သင်တို့နံဘေး၌ ဆူးကဲ့သို့၎င်းဖြစ်၍၊ သင်တို့နေသောပြည်မှာ သင်တို့ကိုနှောင့်ရှက်ကြလိမ့်မည်။

တော​လည် 33