တော​လည် 32:19-30 Judson Bible (BJB)

19. ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက်၌ သူတို့နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေခံရာမြေသည် ယော်ဒန်မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက်ပြန်ကြ၏။

20. မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွားလျှင်၎င်း၊

21. ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှနှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင်၊

22. သင်တို့ရှိသမျှသည်လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင်၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။

23. ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍မှီလိမ့်မည်။

24. သူငယ်များအဘို့ မြို့တို့ကို၎င်း၊ သိုးများအဘို့ သိုးခြံတို့ကို၎င်း၊ တည်လုပ်ကြလော့။ ယခုပြောသမျှအတိုင်း ပြုကြလော့ဟုဆိုလျှင်၊

25. ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော်ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်းပြုပါမည်။

26. ကျွန်တော်တို့မယားသားသူငယ်များနှင့် သိုးနွားအလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။

27. ကိုယ်တော်ကျွန်အပေါင်းတို့မူကား၊ သခင်မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါကူးသွားပါမည်ဟု လျှောက်ထားကြ၏။

28. ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလအမျိုးသား အဆွေအမျိုးသူကြီးများတို့ကိုခေါ်၍၊

29. ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည်စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက်သို့ကူးသွား၍၊ သင်တို့သည် ထိုပြည်ကိုအောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကိုအပိုင်ပေးရကြမည်။

30. သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူမကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့တွင် ကိုယ်ပိုင်ရာမြေကိုခံယူရကြမည်ဟု မှာထားလေ၏။

တော​လည် 32