တော​လည် 3:34-49 Judson Bible (BJB)

34. ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင်ခုနစ်ရာရှိသတည်း။

35. မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသားဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက်မျက်နှာ၌ နေရာချရမည်။

36. မေရာရိသားတို့အငန်းအတာဟူမူကား၊ တဲတော်ပျဉ်ပြားများ ကန့်လန့်ကျင်များ၊ တိုင်များ၊ ခြေစွပ်များ၊ ထိုအရာနှင့်ဆိုင်သောတန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊

37. ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။

38. မောရှေနှင့် အာရုန်မှစ၍ အာရုန်၏သားတို့သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာနတော်ကိုစောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော်အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည်ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်။

39. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားအပေါင်းကား၊ နှစ်သောင်းနှစ်ထောင်ရှိသတည်း။

40. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်၊ အသက်တလကျော်ရှိသော သားဦးယောက်ျားအပေါင်းတို့ကိုရေတွက်၍ စာရင်းယူလော့။

41. ဣသရေလအမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်သားဦးအပေါင်းတို့အတွက် လေဝိသားတို့၌ ရှိသော တိရစ္ဆာန်များကို၎င်း၊ ငါ့အဘို့ယူလော့။ ငါသည်ထာဝရဘုရားဖြစ်သည်ဟု၊

42. မှာထားတော်မူသည်အတိုင်း မောရှေသည် ဣသရေလအမျိုး သားဦးအပေါင်းတို့ကိုရေတွက်၍၊

43. အသက်တလကျော်ရှိသော သားဦးယောက်ျားနာမည်ပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာခုနစ်ဆယ်သုံးယောက် ရှိသတည်း။

44. တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊

45. ဣသရေလအမျိုးသားဦးအပေါင်းတို့အတွက် လေဝိသားတို့ကို၎င်း၊ ဣသရေလအမျိုးသားတို့၌ တိရစ္ဆာန်များအတွက် လေဝိသားတို့၌ရှိသော တိရစ္ဆာန် များကို၎င်းယူလော့။ လေဝိသားတို့သည် ငါ၏လူဖြစ်ရကြမည်။ ငါသည် ထာဝရဘုရား ဖြစ်၏။

46. လေဝိသားတို့ထက်ပိုသော ဣသရေလအမျိုးသားဦး နှစ်ရာခုနစ်ဆယ်သုံးယောက်တို့ကို ရွေးရမည်အမှုမှာ၊

47. အကျပ်တော်အလိုက် လူတကိုယ်လျှင်ငါးကျပ်စီခံယူရမည်။ အကျပ်ကား၊ ဂေရနှစ်ဆယ်ဖြစ်သတည်း။

48. ပိုသောသူတို့ပေးရသောအရွေးငွေကို၊ အာရုန်နှင့် သူ၏သားတို့အား ပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊

49. လေဝိသားတို့နှင့် ဣသရေလအမျိုးသားဦးတို့ကိုရွေး၍ ပိုသေးသော သားဦးတို့၏အရွေးငွေကို၊

တော​လည် 3