တော​လည် 3:23-39 Judson Bible (BJB)

23. ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အနောက်မျက်နှာ၌ နေရာချရမည်။

24. ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသားဧလျာသပ်တည်း။

25. ဂေရရှုန်သားတို့အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာတဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ကာသောကုလားကာ၊

26. တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။

27. ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။

28. တဲတော်ကိုစောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ရှစ်သောင်းခြောက်ရာရှိသတည်း။

29. ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော်တောင်မျက်နှာ၌ နေရာချရမည်။

30. ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလသား ဧလိဇာဖန်တည်း။

31. သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြမည်။

32. ယဇ်ပုရောဟိတ်အာရုန်သားဧလာဇာသည် လေဝိအဆွေအမျိုးသူကြီးတို့ကို အုပ်၍ တဲတော်စောင့်သောသူတို့ကို ကြည့်ရှုစီရင်ရမည်။

33. မေရာရိမှဆင်းသက်သော မဟာလိအဆွေအမျိုး၊ မုရှိအဆွေအမျိုးတို့သည်၊ မေရာရိအမျိုးအနွယ်ဖြစ်ကြ၏။

34. ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခြောက်ထောင်ခုနစ်ရာရှိသတည်း။

35. မေရာရိအဆွေအမျိုးသူကြီးကား၊ အဘိဟဲလသားဇုရေလတည်း။ ဤသူတို့သည် တဲတော်မြောက်မျက်နှာ၌ နေရာချရမည်။

36. မေရာရိသားတို့အငန်းအတာဟူမူကား၊ တဲတော်ပျဉ်ပြားများ ကန့်လန့်ကျင်များ၊ တိုင်များ၊ ခြေစွပ်များ၊ ထိုအရာနှင့်ဆိုင်သောတန်ဆာများ အစရှိသည်တို့ကို၎င်း၊ ဝင်းတိုင်များ၊

37. ခြေစွပ်များ၊ တံသင်များ၊ ကြိုးများတို့ကို၎င်း ကြည့်ရှုပြုစုကြရမည်။

38. မောရှေနှင့် အာရုန်မှစ၍ အာရုန်၏သားတို့သည် ဣသရေလအမျိုးသားတို့အဘို့၊ သန့်ရှင်းရာဌာနတော်ကိုစောင့်လျက်၊ ပရိသတ်စည်းဝေးရာတဲတော်အရှေ့မျက်နှာ၌ နေရာချရမည်။ သူတို့အမျိုးမှတပါး၊ အခြားသောသူသည်ချဉ်းကပ်လျှင် အသေသတ်ခြင်းကိုခံရမည်။

39. ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် လေဝိသားတို့ကို အဆွေအမျိုးအလိုက်ရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားအပေါင်းကား၊ နှစ်သောင်းနှစ်ထောင်ရှိသတည်း။

တော​လည် 3