14. တဖန်ထာဝရဘုရားသည်၊ သိနာတော၌ မောရှေအားမိန့်တော်မူသည်ကား၊
15. လေဝိသားတို့တွင် အသက်တလကျော်ရှိသောယောက်ျားအပေါင်းတို့ကို အဆွေအမျိုးအလိုက် ရေတွက်လော့ဟု၊
16. မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လေဝိသားတို့ကို ရေတွက်လေ၏။
17. လေဝိသားတို့၏နာမည်ဟူမူကား၊ ဂေရရှုန်၊ ကောဟတ်၊ မေရာရိတည်း။
18. မိမိအဆွေအမျိုးအလိုက် ဂေရရှုန်သားတို့၏အမည်ကား လိဗနိနှင့်ရှိမိတည်း။
19. မိမိအဆွေအမျိုးအလိုက် ကောဟတ်သားတို့၏နာမည်ကား၊ အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ ဩဇေလတည်း။
20. မိမိအဆွေအမျိုးအလိုက် မေရာရိသားတို့၏နာမည်ကား မဟာလိနှင့် မုရှိတည်း၊ ဤသူတို့သည် မိမိဘိုးဘေးအမျိုးအလိုက်ရေတွက်သော လေဝိအမျိုးအနွယ် ဖြစ်ကြ၏။
21. ဂေရရှုန်မှဆင်းသက်လာသော လိဗနိအဆွေအမျိုး၊ ရှိမိအဆွေအမျိုးတို့သည် ဂေရရှုန်အမျိုးအနွယ်ဖြစ်ကြ၏၊
22. ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင်ငါးရာရှိသတည်း။
23. ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အနောက်မျက်နှာ၌ နေရာချရမည်။
24. ဂေရရှုန်အဆွေအမျိုး၊ သူကြီးကား၊ လေလသားဧလျာသပ်တည်း။
25. ဂေရရှုန်သားတို့အငန်းအတာဟူမူကား၊ ပရိသတ်စည်းဝေးရာတဲတော်အပေါ်တဲ၊ အပေါ်တဲအဖုံး၊ ပရိသတ်စည်းဝေးရာတဲတော်တံခါးဝ၌ကာသောကုလားကာ၊
26. တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကုလားကာ၊ ဝင်းတံခါးဝ၌ ကာသောကုလားကာ၊ ကြိုးများအစရှိသည်တို့ကို ကြည့်ရှုပြုစုရကြမည်။
27. ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။
28. တဲတော်ကိုစောင့်သောသူ၊ ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တလကျော်ရှိသော ယောက်ျားပေါင်းကား၊ ရှစ်သောင်းခြောက်ရာရှိသတည်း။
29. ကောဟတ်အဆွေအမျိုးတို့သည်၊ တဲတော်တောင်မျက်နှာ၌ နေရာချရမည်။
30. ကောဟတ်အဆွေအမျိုးသူကြီးကား၊ ဩဇေလသား ဧလိဇာဖန်တည်း။
31. သူတို့အငန်းအတာဟူမူကား၊ သေတ္တာ၊ စားပွဲယဇ်ပလ္လင်များ၊ အမှုတော်ထမ်းစရာတဲတော်တန်ဆာများ၊ အတွင်းကုလားကာ အစရှိသည်တို့ကို ကြည့်ရှုရကြမည်။