1. ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊
2. အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့အား မိန့်တော်မူသည်အတိုင်း၊
3. သူတို့သည် မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌၊
4. အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရမည်အကြောင်း ဆင့်ဆိုကြ၏။
5. အဲဂုတ္တုပြည်မှထွက်လာသော ဣသရေလအမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သားဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေအမျိုး၊ ဖာလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊
6. ဟေဇရုံမှဆင်းသက်သော ဟေဇရောနိအဆွေအမျိုး၊ ကာမိမှဆင်းသက်သော ကာမိတ်အဆွေအမျိုးတည်း။
7. ဤသူတို့သည်ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းသုံးထောင်ခုနစ်ရာသုံးဆယ်ရှိသတည်း။
8. ဖာလု၏သားဧလျာဘ၊ ဧလျာဘ၏သားနေမွေလ၊ ဒါသန်၊ အဘိရံတည်း။
9. ဤဒါသန်၊ အဘိရံတို့သည်အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက်ပြုသောအခါ၊ ပရိသတ်၌ကျော်စော၍ မောရှေနှင့် အာရုန်ကိုဆန့်ကျင်ဘက်ပြုသော ဒါသန်၊ အဘိရံဖြစ်ကြ၏။
10. မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်းဝင်သူတို့သည် သေကြ၏။ မီးသည်လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည်သတိပေးသော သက်သေဖြစ်သတည်း။
11. သို့ရာတွင် ကောရ၏သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
12. ဘိုးဘအဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေအမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး၊ ယာခိန်မှဆင်းသက်သော ယာခိနိအဆွေအမျိုး၊
13. ဇေရမှဆင်းသက်သောဇေရဟိအဆွေအမျိုး၊ ရှောလမှဆင်းသက်သော ရှောလိ အဆွေအမျိုးတည်း။
14. ဤသူတို့သည် ရှိမောင်အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာရှိသတည်း။
15. ဘိုးဘအဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူကား၊ ဇေဖုန်မှဆင်းသက်သော ဇေဖောနိအဆွေအမျိုး၊ ဟဂ္ဂိမှဆင်းသက်သော ဟဂ္ဂိတ်အဆွေအမျိုး၊ ရှုနိမှ ဆင်းသက်သောရှုနိတ်အဆွေအမျိုး၊
16. ဩဇနိမှဆင်းသက်သော ဩဇနိတ်အဆွေအမျိုး၊ ဧရိမှဆင်းသက်သော ဧရိတ်အဆွေအမျိုး၊
17. အာရုဒ်မှဆင်းသက်သော အာရောဒိအဆွေအမျိုး၊ အရေလိမှဆင်းသက်သော အရေလိတ်အဆွေအမျိုးတည်း။
18. ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ လေးသောင်းငါးရာရှိသတည်း။