တော​လည် 19:4-15 Judson Bible (BJB)

4. ယဇ်ပုရောဟိတ်ဧလာဇာသည် အသွေးကိုလက်နှင့်ယူ၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့စူးစူး၌ ခုနစ်ကြိမ်ဖြန်းရမည်။

5. ယဇ်ပုရောဟိတ်ရှေ့မှာ ထိုနွားမ၏အရေ၊ အသား၊ အသွေး၊ ချေးနုနှင့်တကွ တကောင်လုံးကို အခြားသူသည်မီးရှို့ရမည်။

6. ယဇ်ပုရောဟိတ်သည်လည်း အကာရှသစ်သား၊ ဟုဿုပ်ပင်ညွန့်နှင့် နီမောင်းသောအထည်ကိုယူ၍၊ နွားမမီးလောင်ရာထဲသို့ ပစ်ချရမည်။

7. ထိုနောက် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်းရေချိုးပြီးမှ၊ တပ်ထဲသို့ဝင်၍ ညဦးတိုင်အောင်မစင်ကြယ်ဖြစ်လိမ့်မည်။

8. မီးရှို့သောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုလည်း ရေချိုးပြီးမှ၊ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။

9. စင်ကြယ်သောသူတစုံတယောက်သည် နွားမ၏ပြာကိုစုသိမ်း၍၊ တပ်ပြင်မှာ စင်ကြယ်သောအရပ်၌ ထားရမည်။ ဣသရေလအမျိုးပရိသတ်အဘို့ စင်ကြယ် စေသောရေဘော်ဘို့၊ ထိုပြာကိုသိုထားရမည်။ အပြစ်နှင့် ကင်းစင်စေစရာဘို့ဖြစ်သတည်း။

10. နွားမ၏ပြာကိုစုသိမ်းသောသူသည်လည်း၊ မိမိအဝတ်ကိုလျှော်၍ ညဦးတိုင်အောင် မစင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလအမျိုးသား၊ တည်းခိုသောတပါးအမျိုးသားတို့သည် အစဉ်အမြဲစောင့်ရသော ပညတ်ဖြစ်သတည်း။

11. လူသေကောင်ကိုထိသောသူသည် ခုနစ်ရက်မစင်ကြယ်ဖြစ်လိမ့်မည်။

12. သုံးရက်မြောက်သောနေ့၌ ထိုပြာနှင့် ကိုယ်ကိုသန့်ရှင်းစေ၍၊ ခုနစ်ရက်မြောက်သောနေ့၌ စင်ကြယ်လိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ကိုယ်ကို မသန့်ရှင်းစေလျှင်၊ ခုနစ်ရက်မြောက်သောနေ့တိုင်အောင်မစင်ကြယ်ရ။

13. လူသေကောင်ကိုထိ၍ ကိုယ်ကိုမသန့်ရှင်းစေသောသူသည်၊ ထာဝရဘုရား၏ တဲတော်ကို ညစ်ညူးစေ၏။ ထိုသူကို ဣသရေလအမျိုးမှပယ်ရှင်းရမည်။ စင်ကြယ်စေသောရေဖြန်းခြင်းကိုမခံသောကြောင့် မစင်ကြယ်ဖြစ်၏။ စင်ကြယ်ခြင်းသို့မရောက်သေး။

14. တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံးမစင်ကြယ်ဖြစ်ကြလိမ့်မည်။

15. မဖုံးဘဲဖွင့်ထားသောအိုးရှိသမျှတို့သည်လည်း မစင်ကြယ်ဖြစ်ကြလိမ့်မည်။

တော​လည် 19